ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့အတွင်း ၃ လကျော် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ကော့ကရိတ်မြို့ စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။
ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်ပစ်ခတ်ခြင်း၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင် ရှို့မီးတို့ကြောင့် နေအိမ်မီးလောင်မှု ၁၅ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကော့ကရိတ်မြို့ပေါ်အတွင်းရှိ ရပ်ကွက်အားလုံးနီးပါး နေအိမ်မီးလောင်ခံထားရပြီး မီးငြိမ်းသတ်သူမရှိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ကြောင်း ကော့ကရိတ်စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။
"မြို့လုံးကျွတ်နီးပါးပါပဲ အိမ်မီးလောင်တာကြားတာနဲ့ ချက်ခြင်းမသွားရဲဘူး ပစ်ခံထိမှာလည်း ကြောက်နေရတော့ မီးကငြိမ်းမဲ့သူမရှိရင် အကုန်ပါကုန်တာပေါ့ မလောင်သင့်တဲ့နေရာတွေလည်းလောင်တယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ကော့ကရိတ်မြို့ အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်အလုံး ၂၀ ကျော် ထပ်မံမီးလောင်ခဲ့သည့်အပြင်၊ မတ်လ ၁၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့အမှတ် ၄ ရပ်ကွက်ရှိနေအိမ်များ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ကော့ကရိတ်မြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖွဲ့လုံး နေရာယူထားခြင်းကြောင့် မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို အတိကျမသိရကြောင်း စစ်ဘေးရှောင်နေသည့် ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။
"တစ်ချို့အိမ်တွေဆို ဘာကြောင့်လောင်လို့ လောင်သွားမှန်းတောင်မသိ၊ အမျိုးမျိုးတော့ ပြောနေကြတာပေါ့၊ ကိုယ်လည်းပြေးနေတော့ အတည်မပြုနိုင်ဘူး" ဟု ဆိုသည်။
မီးလောင်ခံရမှုထဲတွင် နေအိမ်တို့အပြင်၊ ဌာနဆိုင်ရာအဆောက်အအုံ၊ ဝန်ထမ်းအိမ်ယာနှင့် စာသင်ကျောင်းအချို့ပါဝင်နေကြောင်း သိရသည်။
လက်ရှိချိန်အထိ ဖြစ်ပွားနေသည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၀ မှ ဒေသခံတို့ နေရာအနှံ့ထွက်ပြေးတိမ်းရှောင်းနေရသည်။
ကော့ကရိတ်နေအိမ်မီးလောင်မှုနှင့်ပတ်သတ်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့က မီးရှို့ဖျက်စီးခဲ့သည်ဟု အပြန်အလှန်စွပ်စွဲမှုတို့ ရှိနေကြောင်းလည်း သိရသည်။