ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်းက သိမ်းဆည်းရမိသည့် စခန်းများရှိ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်ဘက်က အဆိပ်ခပ်ထားကြောင်း ရက္ခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်သည်။
မောင်တောမြို့ မြောက်ပိုင်းရှိ စစ်ကောင်စီ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို မတ်လ ၁၁ ရက်နေ့က သိမ်းပိုက်ရရှိပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
၎င်းပြင် စခန်းရှိ စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် AA က ပြောဆိုထားသည်။
ရက္ခိုင့်တပ်တော် AA အနေဖြင့် ရက္ခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
အဆိုပါ စစ်ကောင်စီ အောင်သပြေစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ ၁၇၉ ဦးသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားသည်ဟု AA ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အနှံ့ AA က စစ်မျက်နှာဖွင့်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ နည်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်နေရသည်။
