မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ သံတံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး သေဆုံးပြီး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနေ ကိုဂျိုးသမ်း၊ ဟူရှင်နှင့် ကိုချစ်ကိုတို့ ၃ ဦး ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီတပ်တို့က ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုဂျိုးသမ်းနှင့် ဟူရှင်တို့ ၂ ဦး သေဆုံးသွားခဲ့ပြီး ကိုချစ်ကိုက ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ကယ်တားတာကို မရပ်ပေးလို့ ပစ်တာလို့ သိရတယ်။ သေဆုံးသွားတဲ့ ၂ ယောက်က ရင်ဘတ်မှာ ကျည်မှန်ဒဏ်ရာတွေရပြီး သေဆုံးခဲ့တာပါ။ ဒဏ်ရာရသွားတဲ့သူ ၁ ယောက်က ခြေသလုံးမှာ အသားစတွေပါ ထွက်သွားတာ။ ခြေထောက်ကို ဖြတ်ပစ်ရမယ့်အနေအထားမျိုးရှိတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသူ ၂ ဦးအနက် ဟူရှင်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ၎င်းကို အခင်းဖြစ်ပွားခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်ပင် နာရေးပြုလုပ်ခဲ့ပြီး၊ ကိုဂျိုးသိန်းကိုတော့ မတ်လ ၁၂ ရက်နေ့တွင် တောင်စွန်းသုဿာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများ မိုင်းခွဲတိုက်ခိုက်ခံနေရခြင်းနှင့် စစ်ကောင်စီနှင့် နီးစပ်သူများ၊ ကြံ့ခိုင်ရေးပါတီဝင်များ မကြာခဏ အသတ်ခံနေရသည့်အတွက် လုံခြုံရေးဂိတ်များတွင် စစ်ဆေးရေးတိုးမြှင့်ထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။