ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ကျေးရွာ အင်လုံခတံတားမှာ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌဟောင်း ဝိုင်းမော်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းက အင်လုံခတံတားတွင် စစ်ကောင်စီနှင့် လီဆူပြည်သူ့စစ်သားများ၏ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း ဒူးလေးပါတီဥက္ကဋ္ဌ ဝိုင်းမော်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့် တပ်သားအချို့ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က “အဲဒီကိစ္စက ကျနော်လည်း မသိသေးဘူး၊ ကျနော်လည်း လိုင်းလည်း မကြည့်ဖြစ်ဘူး။ အဲဒါတော့ မသိဘူး” ဟု ပြောသည်။
KIA နှင့် KPDF ပူးပေါင်းတပ်တို့က လိုင်ဇာအနီးဝန်းကျင်နှင့် ဗန်းမော် – မြစ်ကြီးနား လမ်းကြော တလျှောက်ရှိ စစ်တပ်စခန်း၏ ခယာဘွမ်စခန်း၊ ရွှေညောင်ပင်စခန်းများ အပါအဝင် မြစ်ကြီးနား – ဗန်းမော် လမ်းကြော တလျောက်က စခန်းငယ်တချို့ကို ယနေ့ နံနက် ၅ နာရီခန့်က စတင်ကာ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ဦးရွှေမင်း၏ နေအိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ဒူးလေးပါတီ ဥက္ကဋ္ဌဟောင်း ဦးရွှေမင်းမှာ လက်ရှိတွင် ပါတီ၏ နာယကအဖြစ် တာဝန်ယူဆောင်ရွက်နေသလို ဝိုင်းမော်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။
ဦးရွှေမင်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရရှိထားသူဖြစ်ပြီး စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်သည်။
