spot_img
Sunday, March 8, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းများကြောင့် ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများရပ်နားထားရ

    မုဒုံမြို့နယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းများကြောင့် ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများရပ်နားထားရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများ သွားလာလှုပ်ရှားနေသည့်အတွက် ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်သူတို့ ခေတ္တရပ်နားထားရကြောင်း ဒေသခံတို့ထံမှသိရသည်။

    ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှစပြီး စစ်ကောင်စီစစ်ကြောင်းအဖွဲ့တို့သည် မုဒုံမြို့နယ်အတွင်းရှိ ရွာအပြင်နေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားပြီး ညပိုင်းကင်းလှည့်စစ်ဆေးမှုများ တင်းကျပ်ထားသည်ဟု မုဒုံမြို့ ဒေသခံ တစ်ဦးကပြောသည်။

    “ရွာအနီးအနားကခြံတောင်အခြေနေကြည့်နေရတယ်၊ အခုလမ်းမကြီးဘက်သွားလာရင်စစ်သားတွေကစစ်မေးတာ အဲ့တာနဲ့တစ်ချို့ဆိုမသွားရဲကြဘူး၊ တပ်အပြင်မှာစောင့်နေတဲ့စစ်သားရှိတယ်၊ သူတို့ဘက်က အခြေအနေ ထူးရင် ပြန်လှည့်ပြန်ခိုင်းတယ်၊ ကမာဝက် ရဲစခန်းအနားက ခြံဆိုသူတို့ ဝင်/ထွက် ကဒ်ပြား
    လုပ်ခိုင်းထားတယ် ”
    ဟု ၎င်းက ပြောသည်။

    ထို့အပြင် ကျိုက်ကမော့တောင်ခြေ၊ ကမာဝက်ရဲခစန်းအနီးနားတွင် ခြံသွားလာသူတို့ကို စစ်ကောင်စီဘက်က အချိန်ကန့်သတ်ထားသဖြင့် ညအချိန် ၈ နာရီအထိသာ သွားလာခွင့်ပြုထားကြောင်း သိရသည်။

    လက်ရှိ မုဒုံမြို့မှ သံဖြူဇရပ်မြို့လမ်းမကြီးတစ်လျှောက် ခြံလုပ်ငန်းလုပ်ကိုင်သူများလည်း လုံခြုံရေးအရ လုပ်ငန်းရပ်နားထားသူတို့ ပိုမိုများပြားလာကြောင်း မုဒုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

    “အစေးသွားခြစ်ဖို့ မပြောနဲ့ အခုလမ်းထွက်သူတွေသိပ်မရှိဘူး။ သူတို့(စစ်ကောင်စီ) က စစ်ပြီးရင်ပေးသွားပါတယ်ဘာမှတော့မလုပ်ပါဘူး၊ဒါမဲ့ဘယ်သွားရဲမလဲ၊ ကျတော့်တို့က သံဖြူဇရပ် ဘင်ဂလန်ရေတံခွန် ဘက်မှာဆိုတော့ စစ်သားတွေနဲ့ဆုံလို့ သူတို့ပေးပြန်ခိုင်းကတည်းက မသွားရဲတော့တာ ”ဟု ၎င်းကပြောသည်။

    ယခုနှစ် ရော်ဘာလုပ်ငန်းရာသီဖွင့်စမှာပင် တစ်နယ်နှင့်တစ်နယ် ရာဘာလုပ်ငန်း သွားရောက်လုပ်ကိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးထောက်ခံစာဖြင့်သာ ရာဘာလုပ်ငန်းလုပ်ကိုင်နေရကြောင်း သိရသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်တွင်လည်းရော်ဘာလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြသည့် အတွက် ဒေသခံများအခက်ကြုံနေကြသည်ဟုဆိုသည်။

    အလားတူ မွန်ပြည်နယ်အတွင်း မြို့နယ်အများစုတွင် စစ်ကောင်စီတပ်တို့ လုံခြုံရေးတင်းကြပ်ထားသည့်အပြင် လက်နက်ကြီးနှင့် မြေမြှပ်မိုင်းအန္တရာယ်တို့ကို စိုးရိမ်နေရခြင်းကြောင့် ရာဘာလုပ်ငန်းအများစု ရပ်နားထားရသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသည့်ရော်ဘာများကို ထိုင်းနှင့်တရုတ်သို့ အဓိကတင်ပို့လျှက်ရှိပြီး ယခုမတ်လဆန်းပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ပိတ်ထားခြင်းကြောင့် ရာဘာဈေးကျဆင်းနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks