စစ်ဆင်ရေးကာလအတွင်း အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မြို့ ၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် အထူးစိုးရိမ်မိတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မန်တုံ၊ နန့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြညာခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အပြည့်အဝထိန်းချုပ်ထားတဲ့ အဆိုပါ မြို့ ၃ မြို့ကို စစ်ကောင်စီက Martial law စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံမယ်ဆိုတဲ့ကြေညာချက်ဟာ ဟိုင်ဂင် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာ အခက်အခဲဖြစ်ပေါ်လာနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့ဘက်က ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC တို့ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံဆွေးကြပြီးနောက် အပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်ကို အသိသက်သေများရှေ့မှောက်မှာ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီးနောက် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စစ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် စစ်ဘေးသင့် ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်နိုင်ရေး ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာတဲ့အပစ်ရပ်ရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ကြဖို့ ဟိုင်ဂင်သဘောတူညီချက်မှာ ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုကြောင့် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နှင့် မတ်လ ၁ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံနိုင်ခဲ့ပြီး ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နှစ်ဖက်ကိုယ်စားလှယ်များ သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့နယ်စုစုပေါင်း ၃၃၀ ခန့်ရှိတဲ့မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၃ နှစ်တာကာလအတွင်း မြို့နယ်ပေါင်း ၆၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။