Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းဥပဒေကြောင့် လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်သို့ ရောက်ရှိ

    စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်သို့ ရောက်ရှိ

    -

    စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၄၀၀ ကျော် ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်သို့ ဝင်ရောက်ခိုလှုံလာကြောင်း KNU သထုံခရိုင် တာဝန်ရှိသူတို့က ပြောသည်။

    အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က  စတင်အသက်သွင်းခဲ့သည်။

    စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း KNU သထုံခရိုင်သို့ ဝင်ရောက်ခိုလှုံရန် နိုင်ငံတဝှမ်းက လူငယ် ၆၀၀ ကျော် ဆက်သွယ်လာခဲ့ပြီး လက်ရှိတွင် လူငယ် ၄၀၀ ကျော် ရောက်ရှိ ခိုလှုံနေသည်ဟု သိရသည်။

    လာရောက်ခိုလှုံကြသည့် လူငယ်များကို KNU သထုံခရိုင်၏ အစီအစဉ်ဖြင့် ထိန်းသိမ်းစောင်ရှောက်ပေးထားပြီး၊ နောက်ပိုင်းတွင် ၎င်းတို့၏ သဘောဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။

    ၎င်းက “တချို့လည်း စစ်မှုထမ်းရမှာကို ကြောက်ပြီးရောက်လာကြသလို၊ တချို့လည်း တော်လှန်ရေးလုပ်မယ်ဆိုပြီး ရောက်လာကြသူတွေလည်းရှိပါတယ်။ ရောက်လာသူအားလုံးကို စိစစ်နေပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ကူညီလုပ်ဆောင်ပေးသွားမှာပါ” ဟု ပြောသည်။

    KNU သထုံခရိုင်သို့ လာရောက်ခိုလှုံသူများတွင် အများစုက အမျိုးသားများဖြစ်ကြပြီး၊ အမျိုးသမီးပါဝင်မှု ၂ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

    စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိပါဝင်ပြီး အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် (၁) ကို လာမည့် သင်္ကြန်အပြီးကာလတွင် စတင်ကာလုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ပတ်လျှင် လူပေါင်း ၅၀၀၀၊ တစ်နှစ်လျှင် လူပေါင်း ၆၀၀၀၀ အထိ စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟု ထုတ်ပြန်ထားသည်။

    စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတဝှမ်းက လူငယ်များ တော်လှန်ရေးတပ်ဖွဲ့ထံသို့ ဝင်ရောက်သွားကြသူများရှိသလို၊ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှတဆင့် အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်လည်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks