Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအပစ်မရပ်တဲ့ ရက္ခိုင့်တပ်တော် AA က ပုဏ္ဏားကျွန်းတစ်မြို့နယ်လုံးကိုထပ်မံထိန်းချုပ်

    အပစ်မရပ်တဲ့ ရက္ခိုင့်တပ်တော် AA က ပုဏ္ဏားကျွန်းတစ်မြို့နယ်လုံးကိုထပ်မံထိန်းချုပ်

    -

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို ထိန်းချုပ်လိုက်ပြီလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက အပစ်မရပ်သေးတဲ့ ရက္ခိုင့်တပ်တော် AA က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

    ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီရဲ့ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ-၅၅၀) ကို မနေ့က အပြင်းအထန် တိုက်ခိုက်သိမ်းပိုက်ပြီးမှ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

    ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်တွေဟာ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ဖျက်စီးခဲ့တယ်လို့ AA ဘက်က ပြောထားပါတယ်။

    အခုဆိုရင် ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ်ကို ထပ်မံသိမ်းပိုက်လိုက်တာကြောင့် အရင်က ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်အပါအဝင် စုစုပေါင်း ၇ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

    ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးမဟာမိတ်အဖွဲ့ဝင် MNDAA, TNLA တို့က ရှမ်းမြောက်ပိုင်းဒေသတွေမှာ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ AA ကတော့ အပစ်မရပ်ထားဘူးလို့ မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားထားပါတယ်။

    ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရမ်းဗြဲ၊ စစ်တွေစတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

    ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာကာလ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာရသူ ၃၅၇ ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦးရှိပြီး စစ်ရှောင်နေရသူပေါင်း ၃ သိန်းကျော်ရှိနေပြီဖြစ်တယ်လို့ အေအေဘက်က ပြောဆိုထားပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks