မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ယမန်နေ့ (မတ်လ ၄ ရက်)ရက်နေ့က စစ်ကောင်စီစစ်ကြောင်းအဖွဲ့တို့ဝင်ရောက်ခဲ့ပြီး ယနေ့(မတ်လ ၅)ရက်နေ့အထိ ကလော့သော့၊ တောင်ပကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာတို့တွင် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်တို့ထံမှသိရသည်။
NMSP- ADမှ ကမာဝက်မြို့နှင့် ကော့ပီထော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့ကို လက်နက်နှင့်အတူ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ဖမ်းဆီးထိန်းခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတို့ မုဒုံမြို့နယ်ကျေးရွာအတွင်း ယခုကဲ့သို့ဝင်ရောက်လာသည်ဟု မုဒုံမြို့နယ်ဒေသခံတစ်ဦးကဆိုသည်။
“မနေ့က ညနေ၃နာရီလောက်မှာ စစ်သား ၃ ကားလောက် သူတို့တပ်သားတွေက ၆၀ ကျော်ကျော်လောက် တောင်ပရွာရဲ့ ဘုရားမှာနေကြတယ်။ ဒီနေ့အထိပဲ။ နေ့ဘက်မှာက ရွာပတ်ပြီးသွားလာတာကမရှိဘူး။ အဲ့မှာပဲအထိုင်ချထားတာ ကလော့သော့မှာလည်းရှိနေတယ်။ အနီးနားကရွာတွေဆိုလည်း စစ်သားတွေရှိသွားလာ လှုပ်ရှားနေတာရှိတယ် ”ဟု ဆိုသည်။
ထို့အပြင် ယနေ့ (မတ်လ ၅) ရက်နေ့တွင်လည်း ကမာဝက်မြို့တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ထိုမှတဆင့် ရောင်ဒေါင်း၊ ကလော့သော့ ၊ တောင်ပ စသည့်ကျေးရွာတို့တွင်လည်း ဆက်လက်ဝင်ရောက်လာသည်ဟု ကမာဝက်မြို့ခံတစ်ဦးကပြောသည်။
“မနေ့ကနေ့လည်လောက်မှာ ကမာဝက်ကိုစစ်ကြောင်းဝင်လာတာ အင်အား ၁၀၀ လောက်ရှိတယ်။ သူတို့ သစ်တွေကားပေါ်တင်သွားတာ အများကြီးပဲ၊ ဆယ်ကားလောက် လာယူသွားတာ။ အဲ့သစ်တွေကို သိမ်းလာတာကလည်း တစ်ခုခုဆက်စပ်ရှိနေလို့ဖြစ်တာပဲ” ဟု ဆိုသည်။
လက်ရှိ စစ်ကောင်စီတပ်တို့ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာခံအများစု ထိန့်လန့်လျှက်ရှိပြီး အသွားအလာအနေထိုင် ဆင်ခြင်နေရကြောင်းလည်း ဆိုသည်။
မတ်လ ၂ ရက်နေ့တွင် လက်နက်နှင့်အတူ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် NMSP- ADအဖွဲ့ဝင်၏ မိသားစုနှင့် ဆက်စပ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
NMSP- ADအဖွဲ့သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်တို့တွင် နွေဦးတော်လှန်ရေးအင်အားစုတွေနှင့်ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ ယခုလိုစစ်ကြောင်းထိုးဝင်ရောက်လာသည်ကို ရွာခံတို့က ထိတ်လန့်ကြောက်ရွံနေကြသည်။
NMSP- ADအဖွဲ့သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားသွားမည်ဟု ထုတ်ပြန်လာပြီး စစ်ကောင်စီတပ်ဖွဲ့များ ယခုလိုဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမည်ကိုလည်း ဒေသခံတို့ စိုးရိမ်နေကြောင်း သိရသည်။