မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသော မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်သည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲဆောင် ရွက်နိုင်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကနဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုလို သဘောတူခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်း ဆောင် ၂- ဗိုလ်ချုပ် လယိဂကောင်းနှင့် မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြသည်။
မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားကြရန်လည်း နှစ်ဖက်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
မွန်ပြည်သစ်ပါတီမှ ခွဲထွက်သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့သည် အကြမ်းဖက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
