spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းပါတီမှတ်ပုံတင်လျှောက်ရန် မွန်တိုးတက်ရေးပါတီပြင်ဆင်နေ

    ပါတီမှတ်ပုံတင်လျှောက်ရန် မွန်တိုးတက်ရေးပါတီပြင်ဆင်နေ

    -

    လွပ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄ ။

    စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့် ရရှိထားသည့် မွန်တိုးတက်ရေးပါတီသည် နိုင်ငံရေးပါတီဖွဲ့စည်းပုံနည်းဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်လျှောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

    လက်ရှိတွင် မွန်တိုးတက်ရေးပါတီအနေဖြင့် ပါတီအဖွဲ့ဝင် စုစည်းခြင်း၊ မှတ်ပုံတင်ကြေး စုဆောင်းပြင်ဆင်ခြင်း၊ ပါတီအလံ၊ ပါတီ Logo သတ်မှတ်ခြင်းနှင့် မွန်တိုးတက်ရေးပါတီ၏ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြင်ဆင်လျှက်ရှိကြောင်း မွန်တိုးတက်ရေးပါတီ ဒုခေါင်းဆောင် နိုင်ထွန်းလွင်က ဆိုသည်။

    “အခုချပေးထားတာက တည်ထောင်ခွင့်ပဲရှိသေးတယ်လေ။ နောက်တစ်ဆင့်တက်ဖို့ ပြင်ဆင်နေတုန်းပဲပေါ့။ ဒီရက်ပေါင်း ၃၀ အတွင်းမှာ ကျနော်တို့ အပြီးသတ်ပြီးတော့ နေပြည်တော်ကို သွားတင်မှာပါ” ဟု ၎င်းက ပြောသည်။

    လတ်တလော ကရင်ပြည်နယ်၊ မြို့နယ်အများစုတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အခြေအနေ မတည်ငြိမ်ခြင်းကြောင့် ပါတီတည်ထောင် ဖွဲ့စည်းရာတွင် စိန်ခေါ်မှုများရှိသော်လည်း ဥပဒေဘောင်အတွင်းက မွန်နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်လာနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ထွန်းလွင် ဆက်ပြောသည်။

    “ကရင်ပြည်နယ်အတွင်းမှာဆိုရင် မွန်တွေရှိတာက ၅ မြို့နယ်လောက်ပါပဲ။ အဲထဲမှာ ၂ မြို့နယ်လောက်ပဲ နည်းနည်းတည်ငြိမ်သလိုရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့က ဒီအခက်ခဲကို ဖြတ်ကျော်ရမှာပဲ။ ကျနော်တို့လူမျိုးအတွက် ဥပဒေဘောင်အတွင်း ပြောရေးဆိုခွင့် ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခွင့်ရဖို့က ဒီလမ်းပဲ ဆက်လျှောက်ရမှာပဲ” ဟု ဆိုသည်။

    မွန်တိုးတက်ရေးပါတီသည် ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ ဘာအံနှင့် မြဝတီမြို့နယ်တို့တွင် ပါတီရုံး ဖွင့်လှစ်သွားမည်ဟု ပါတီထံမှ သိရသည်။

    ၎င်းပြင် ပါတီခေါင်းဆောင် ၂ ဦးအပါအဝင် ပါတီဝင် ၁၈ ဦးကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရွေးချယ်ခဲ့ပြီးဖြစ်သည်။

    မွန်ညီညွတ်ရေးပါတီ (MUP) သည် ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်သွားရန် မွန်တိုးတက်ရေးပါတီအမည်ဖြင့် စစ်ကောင်စီ ပြည်ထောင်စုရွေးကော်မရှင်ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

    မွန်တိုးတက်ရေးပါတီကို ပါတီတည်ထောင်ခွင့်ပြုကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ထားပြီး ခွင့်ပြုချက်ရသည့်နေမှ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီ ဖွဲ့စည်းပုံနည်းဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်သည်။

    ပါတီအမည်ပြောင်းလဲထားသော်လည်း မွန်ညီညွတ်ရေးပါတီ မူဝါဒအတိုင်း ဆက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ယခုထက်လျော့ပေါ့စေလိုကြောင်း ပါတီခေါင်းဆောင်တို့က ဆိုသည်။

    ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်မည့် မွန်တိုးတက်ရေးပါတီကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသော်လည်း မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်မည့် မွန်ညီညွတ်ရေးပါတီကိုတော့ ယနေ့ထိ မှတ်ပုံတင်ခွင့် မပြုသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks