လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်လာသည့်ကုန်တင်ကားတစ်စီးကို ဖမ်းဆီးရမိကြောင်း ဗထူးတပ်မတော်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဗထူးတပ်မတော် (BHA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တို့မှ ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် စောင့်ဆိုင်းစဉ် ရန်ကုန်မှ ထားဝယ်ဘက်သို့ ကုန်ပစ္စည်းများတင်ဆောင် မောင်းနှင်လာသည့် ၁၂ ဘီးကားတစ်စီးကို မသင်္ကာသည့်အတွက် ရပ်တန့်စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ထိုသို့ရပ်တန့်စစ်ဆေစဉ် ကားပေါ်ရှိ ပစ္စည်းများအတွင်း ကာလတန်ဖိုး ကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြားအလုံးရေ ၂၈၂၃၀၃ လုံး၊ ငွေသား ကျပ် ၁၁ သိန်းကျော်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။
ယင်းနောက် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသည့် ယာဉ်မောင်းနှင့် နောက်လိုက်ပါ ၂ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ကားနှင့် ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဗထူးတပ်မတော်က ထုတ်ပြန်ထားသည်။