Friday, March 14, 2025
spot_img
Homeသတင်းပုလောရှိ ကျေးရွာ၂ ရွာမှ သံဃာအချို့ကို စစ်ကောင်စီဖမ်းဆီးသွား

ပုလောရှိ ကျေးရွာ၂ ရွာမှ သံဃာအချို့ကို စစ်ကောင်စီဖမ်းဆီးသွား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၄။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ဘုန်းတော်ကြီး ၇ ပါးနှင့် ကပိယ တစ်ဦးကို စစ်ကောင်စီက စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလောမြို့နယ် နန်းပရုပ် ကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီးနောက် နန်းပရုပ် ဘုန်းတော်ကြီးကျောင်းမှ သံဃာ ၆ ပါးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် စစ်ကောင်စီစစ်ကြောင်းသည် ၅ မိုင်ကျေးရွာသို့ရောက်ရှိခဲ့ပြီး ၅ မိုင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် ကပိယကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီဘုန်းကြီးကျောင်းက အရင်က သူတို့ဝင်နားပြီး စားသောက်နေတဲ့ ဘုန်းကြီးကျောင်းပါ။ အခုက ဘာလို့ဖမ်းသွားလဲမသိဘူး။ ဘုန်းကြီးကျောင်းမှာ သံဃာ ၇ ပါးလောက်တော့ရှိတယ်။ ကျောင်းထိုင်နဲ့ ကပိယကိုပဲ ခေါ်သွားတာ။ သူတို့ တပ်ထဲကိုပဲ ခေါ်သွားတာ။ ဒီနေ့ထိ မလွတ်သေးဘူး” ဟု ၎င်းဒေသခံက ဆိုသည်။

စစ်ကောင်စီ ဖမ်းဆီးသွားသော ဘုန်းတော်ကြီးများကို ပုလောမြို့အခြေစိုက် ခမရ ၂၈၅ သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပုလောမြို့နယ်အတွင်းက ငါးမိုင်ကျေးရွာ၊ ဘန်လောကျေးရွာအုပ်စုနှင့် အနီးနားရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား ပစ်ခတ်မှုအနည်းငယ်ရှိခဲ့သော်လည်း တိုက်ပွဲ ကြီးကြီးမားမားမရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှ ဘုန်းတော်ကြီး ၇ ပါးနှင့် ကပိယ တစ်ဦးကို ဖမ်းဆီးသွားကြောင်း ပုလောစစ်ကြောင်း ၁ မှ လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြု ဖြေဆိုထားသည်။

စစ်ကောင်စီက အဆိုပါသတင်းသည် သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း လက်အောက်ခံမီဒီယာများနှင့် နိုင်ငံပိုင် MRTV မှ ကြေညာထားသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts