တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်တို့က လုံခြုံရေးတင်းကျပ်ထားသည့်အတွက် အသွားအလာမလုပ်ရဲကြဘူးဟု မြို့ခံတို့ထံမှ သိရသည်။
စစ်ကောင်စီ တပ်စွဲထားသည့် လောင်းလုံးရဲစခန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ၃၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
“အခုက တိုက်ပွဲ မဖြစ်တော့ပေမယ့် ဟိုနေ့(ဇန်နဝါရီ ၃၀)က တိုက်ပွဲဖြစ်သွားတယ်ဆိုတော့ အစစ်အဆေး တော်တော်တင်းကျပ်ထားတယ်။ အသွားအလာလုံးဝမလုပ်ရဲကြဘူး။ တိုက်ပွဲဖြစ်တာက (စရဖ) ရုံးဘက် ကျောင်းနားနဲ့ ရဲစခန်းဘက်မှာပဲဖြစ်တယ် မြို့လယ်ခေါင်မှာပေါ့။ လမ်းမှာလဲ လူအသွားအလာ မရှိဘူး” ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်မြို့ပေါ်မှ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားတို့က လောင်းလုံးမြို့ရဲစခန်းအနီးတစ်ဝိုက်တို့တွင် လာရောက်တပ်ဖြန့်ထားသည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။
“ထားဝယ်မြို့ပေါ်ကနေ လောင်းလုံးဘက်ကို စစ်သား ၁၀၀ ကျော်လောက် ထပ်ချထားတာ။ နေရာတော်တော်များများမှာ စစ်သားတွေ တွေ့နေရတယ်။ လောင်းလုံးမြို့ပေါ်မှာ သူတို့အထိုင်ချထားတာ နည်းတာမဟုတ်ဘူး။ တော်လှန်ရေးတပ်ဘက်ကတော့ ရှိနေတုန်းလား မရှိလားတော့ မသိဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် လောင်းလုံးမြို့နှင့် အနီးနားက သဗျာ၊ ပြင်းထိန်၊ စစ်ပြဲ၊ ညင်းမှော် အစရှိသည့်ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
လောင်းလုံးမြို့ တိုက်ပွဲသည့် နံနက် ၆ နာရီခွဲခန့်မှ မွန်းလွဲပိုင်းထိ ပြန်းထန်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို စမ်းလှမ်းရွာအနီးရှိ စစ်သင်္ဘောမှလည်း လောင်းလုံးမြို့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည်လည်း ရှိသည်။
တိုက်ပွဲကြောင့် လောင်းလုံးမြို့ခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း မြို့ခံတို့က ပြောသည်။


