spot_img
Saturday, June 21, 2025
More
    spot_img
    Homeသတင်းဆီဆိုင်မြို့ ရဲစခန်းနှင့် တပ်စခန်းတစ်ခုကို ပအိုဝ်းတော်လှန်ရေး ပူးပေါင်းတပ်သိမ်းပိုက်

    ဆီဆိုင်မြို့ ရဲစခန်းနှင့် တပ်စခန်းတစ်ခုကို ပအိုဝ်းတော်လှန်ရေး ပူးပေါင်းတပ်သိမ်းပိုက်

    -

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချင်ခွင့်ရဒေသ ဆီဆိုင်မြို့ရှိ ရဲစခန်းနှင့် ခြေမြန်တပ်ရင်း ခမရ ၄၂၄ ကို သိမ်းပိုက်ထားပြီး ပအိုဝ်းအလံလွှင့်ထူထားပြီဖြစ်ကြောင်း ပအိုဝ်းတော်လှန်ရေးပူးပေါင်းတပ်များထံမှ သိရသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO / PNLA၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဆီဆိုင်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

    ဆီဆိုင်မြို့လယ်မှ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ခမရ-၄၂၄ တပ်ရင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PNLO က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

    ၎င်းပြင် မြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် စစ်ကောင်စီလက်အောက်ရှိ ပအိုဝ်းအမျိုးသားတပ်မတော် (ပြည်သူ့စစ်) PNO/PNA ဂိတ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားကြောင်း မြေပြင်ရှိ ရဲဘော်တစ်ဦးထံမှ သိရသည်။

    “၄၂၄ ကတော့ရပါပြီ။ အဲ့ဒီကနေ စစ်သားအချို့တော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အလုံးစုံထိန်းချုပ်ထားတာတော့မဟုတ်သေးပါဘူး။ အများစုပေါ့။ ၈၀ ရာခိုင်နှုန်းကျော်ပြောရမလား။ စစ်ကောင်စီကတော့ တောက်လျောက် ဗုံးသီးတွေလာကြဲလိုက်၊ လက်နက်ကြီးပစ်လိုက်ပဲဗျ” ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကောင်ႏမူႏဗွာ ရွာဘုန်းတော်ကြီးကျောင်း၊ ဆီဆိုင်မြို့လည်ခေါင်ရှိ အရိယာမဂ္ဂင်ဓမ္မာရုံ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံ နေအိမ် အများအပြားပျက်စီးခဲ့ပြီး ဒေသခံ တစ်သိန်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။

    စစ်ကောင်စီသည် ပအိုဝ်းမြို့၊ ပအိုဝ်းကျေးရွာများအား အကာအကွယ်ယူပြီး ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများကို ပြန်လည်ပစ်ခတ်ဖျက်စီးခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း PNLO က ထုတ်ပြန်ထားသည်။

    ဇန်နဝါရီ ၂၀ ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီးတွင် PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို PNO ပအိုဝ်းပြည်သူ့စစ်နှင့် စစ်တပ်က တားဆီးရာက ပအိုဝ်းဒေသတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    စံဖူးကျေးရွာဖြစ်စဉ်မှ စစ်မီးမကူးစက်စေရန် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံးညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီက PNLO ဌာနချုပ်အနီးရှိ နောင်ထော်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်မီးသည် ဆီဆိုင်မြို့သို့ ကူးစက်သွားကြောင်း သိရသည်။

    PNLO ပြောရေးဆိုခွင့်ရှိသူက “အကြောက်တရားနှင့် အကြပ်ကိုင်ပြီး လေယာဉ်နှင့် အဆမတန် ပြည်သူရဲ့အသက်အိုအိမ်ကို ဗုံးကြဲချတာတွေရှိတယ်။လက်ရှိပအိုဝ်းဒေသအခြေအနေကတော့ မြို့ရွာအပေါ် ပြည်သူတို့ရဲ့‌နေအိမ်များကို စစ်တပ်ရဲ့ အဆမတန်ဗုံးကြဲခြင်း လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ များလာတယ် ဒီအတွက်တော့ စိတ်မကောင်းဘူး ပြည်သူ့ဘဝကိုအာမခံပေးနိုင်မည့်စနစ်ကောင်းတခုရဖို့အတွက် မလွဲသာ မရှောင်သာ လူတိုင်းက မတူညီတဲ့ပေးဆပ်မှုတော့ ရှိရမှာပါ” ဟု သူက ဆိုသည်။

    အဆိုပါအခြေအနေများကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိသည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဆင်နွှဲသွားတော့မည်ဟု တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် PNLOက ထုတ်ပြန်ခဲ့သည်။

    စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းမှုဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရန် ထုတ်ပြန်တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts