spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဒေသအချို့တွင် စစ်တပ်က ပြည်သူ့စစ် အတင်းအကြပ် စုဆောင်းလာ

    ဒေသအချို့တွင် စစ်တပ်က ပြည်သူ့စစ် အတင်းအကြပ် စုဆောင်းလာ

    -

    မြန်မာနိုင်ငံဒေသအချို့တွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဝင်အသစ်များရရှိရေး အတင်းအကြပ်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးတိုင်းအတွင်း ပြည်သူ့စစ် အတင်းအကြပ်စုဆောင်းခံရသည့်သတင်းများ အဆက်မပြတ် ထွက်ပေါ်ခဲ့သည်။

    ဒေသတွင်းသတင်းများ၏ဖော်ပြချက်အရ ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်ရှိ ဘာနက်ကြီး၊ စစ်ပင်ဆိတ်၊ လက်ပံငုံကျေးရွာများ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်ကျေးရွာများအပါအဝင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျေးရွာအများစုတွင် ပြည်သူ့စစ်စုဆောင်းမှုကို အဓိက လုပ်ဆောင်နေကြောင်း သိရသည်။

    ပေါက်ခေါင်ဒေသခံတစ်ဦး “အုပ်ချုပ်ရေးမှူးကတဆင့် လူတောင်းတာဗျ။ ကျွန်တော်တို့ရွာက ဆယ်ယောက်ပေးထားရတယ်အခု။ နာမည်စာရင်းပဲ ပေးထားရသေးတယ်ဗျ။ လူတွေကိုတော့ လာခေါ်တာမျိုးမရှိသေးဘူး။ ကျေးရွာလုံခြုံရေးအတွက် လိုအပ်ရင် စစ်ပညာသင်ရမယ်ဆိုတာပဲ ပြောတယ်” ဟု ဆိုသည်။

    အဆိုပါဒေသများတွင် စစ်ကောင်စီက ဒေသခံအမျိုးသားများကို ပြည်သူ့စစ်ဝင်ရန် မဲနှိုက်ရွေးချယ်ပြီး မဲပေါက်သူအချို့က လာဘ်ထိုးပြီး မဲနှိုက်ရန် ရှောင်သူများရှိကြောင်း သိရသည်။

    ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာတစ်လျှင် အနည်းဆုံး လူ ၅ ဦးပေးရန် ဒေသခံများကို ပြောဆိုပြီး လူမပေးပါက PDF ရွာဟု ခေါင်းစဉ်တပ်ကာ မီးရှို့ဖျက်ဆီးခံရမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း သဲကုန်းဒေသခံတစ်ဦးက ဆိုသည်။

    အချို့ဒေသတွင် ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ပါက လစာနှင့် စားနပ်ရိက္ခာထောက်ပံ့မည်ဟု မက်လုံးပေး စုဆောင်းမှုများလည်းရှိကြောင်း သိရသည်။

    အထက်ပါအခြေအနေများကြောင့် မရှောင်လွှဲနိုင်ဘဲ ပြည်သူ့စစ်အဖြစ် စုဆောင်းခံရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားသင့်ကြောင်း စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    “ဒီအခြေအနေကတော့ သိတဲ့အတိုင်းပဲ ရှောင်လွှဲမရနိုင်ဘူး။ အဲဒီတော့ မလွှဲသာ မရှောင်သာလို့ စုဆောင်းခံရပြီဆို လက်ခံလိုက်ပါ။ စစ်ပညာသင်ပေးရင်တက်ရောက်ပါ။ လက်နက်တပ်ဆင်ပေးရင်လဲ ယူရပါမယ်။ ရှေ့တန်းနယ်မြေကို ရောက်တဲ့အခါ မဟုတ်လဲ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့လိုပါမယ်။ ချိတ်ဆက်ပြီး ပြန်အလင်းဝင်ဖို့ ကြိုတင်ပြင်ဆင်တာတွေလည်း လုပ်ထားသင့်တယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီသည် ပြည်သူ့စစ် စုဆောင်းမှုကို ပဲခူးတိုင်းအပြင် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးဒေသတွင် နည်းမျိုးစုံသုံးကာ စုဆောင်းနေကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။

    စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း “နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ရမှာလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထု လုံခြုံရေး၊ နယ်မြေဒေသ လုံခြုံရေးအတွက် ပြည်သူ့ လုံခြုံရေး စနစ်၊ ပြည်သူ့ ကာကွယ်ရေး စနစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက လိုအပ်ချက်က ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေမှာ ပါဝင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်သွားဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဇန်နဝါရီလ ၉ ရက်နေ့က မီဒီယာများမှတဆင့် ပြောဆိုခဲ့သည်။

    စစ်ကောင်စီ၏ ပြည်သူ့စစ် စုဆောင်းမှုသည် တပ်၏ အင်အားပြုန်းတီးမှုအခြေအနေကိုပြခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့လာပြီး ပြည်သူ့လုံခြုံရေးကို ဂရုမစိုက်နိုင်တော့သည့် အခြေအနေ ရောက်လာခြင်းဖြစ်ကြောင်း လေ့လားသုံးသပ်သူများက မှတ်ချက်ပြုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks