spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောစစ်ရှောင်အချို့ နေရပ်ပြန်ကြသော်လည်း စိုးရိမ်စိတ်ဖြင် နေနေရဟုဆို

    ကျိုက်မရောစစ်ရှောင်အချို့ နေရပ်ပြန်ကြသော်လည်း စိုးရိမ်စိတ်ဖြင် နေနေရဟုဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနှင့် အနီးနားတဝိုက်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောက်နေကြရသည့် ဒေသခံတစ်ချို့ နေရပ်ပြန်လာကြသော်လည်း ရွာတွင် စိုးရိမ်စိတ်ဖြင့် နေနေရသည်ဟု ဒေသခံတို့က ပြောသည်။

    ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် သောင်းနှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

    ဒေသတွင်းတိုက်ပွဲသည် ဇန်နဝါရီလဆန်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် နှစ်လနီးပါးကြာသည်ထိ နေရပ်မပြန်ရဲကြသည့်အခြေအနေရှိခဲ့သည်။

    လက်ရှိတွင် တိုက်ပွဲအခြေအနေ ငြိမ်သက်နေသလို ထွက်ပြေးတိမ်းရှောင်နေရသည်လည်း ရက်ကြာလာသည့်အတွက် ဒေသခံအချို့တို့က နေရပ်ကို အရဲစွန့်ပြီး ပြန်လာခဲ့ကြသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်သည့်အတွက် စိုးရိမ်စိတ်ဖြင့် နေနေရသည်ဟု မယ်တရိုကျေးရွာခံတစ်ဦးက ပြောသည်။

    “တစ်ဝက်နီးပါးလောက် ပြန်လာကြတယ်။ စစ်ကောင်စီတပ်ကတော့ ချောင်းနှစ်ခွအနီးနားမှာပဲ ရှိနေတုန်း။ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ မတွေ့ရဘူး။ သူတို့လည်း အဲ့အနီးနားမှာရှိနေလား မသိနိုင်ဘူး။ ဘာမှလုပ်လို့ မရသေးဘူး။ အိမ်ထဲမှာပဲနေနေရတယ်။ လုံခြုံရေးကို သတိထားနေရတုန်းပါပဲ။ သူတို့ (စစ်တပ်)က နေရာတိုင်းမှာ စောင့်နေတာ။ တချို့က ရွာထဲ မ‌ဝင်ဘဲခြံမှာနေနေကြတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုးတွေကတော့ ကျွန်းရွာကဘုန်းကြီးကျောင်း (ယာယီစစ်ရှောင်နေရာ) မှာ တိမ်းရှောင်နေရဆဲပါပဲ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်းလမ်းများကို စစ်ကောင်စီတပ်ဘက်က ပိတ်ထားခဲ့ပြီး လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာခွင့် မပြုသေးဘူးလို့လည်း ဒေသခံတို့ထံမှ သိရသည်။

    လမ်းပိတ်ထားဆဲဖြစ်သည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေကြရသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    “အခုက တိုက်ပွဲကတော့တိတ်နေတယ်။ လမ်းကတော့ သူတို့မဖွင့်ပေးသေးဘူး။ မယ်တရိုကနေ ဖက်တေးကုန်း ချောင်းနှစ်ခွထိ ပိတ်ထားတုန်း။ ဖက်တေးကုန်းရွာကတော့ တံတားအနားမှာရှိတော့ သူတို့မပေးဝင်ဘူး။ မယ်တရိုဘက်ကနေဖြတ်ရမှာ ဖက်တေးကုန်းဘက်က အရင်က တော်လှန်ရေးတပ်ဘက်က တပ်ချထားတာရှိတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

    လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်သံ နေ့စဉ်လိုလို ကြားနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွတိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ လက်နက်ကြီးထိပြီး နေအိမ်မီးလောင်တာအပြင် စစ်ကောင်စီတပ်ဘက်က မီးရှို့မှုကြောင့် နေအိမ်မီးလောင်းပျက်စီးမှုလည်း ရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks