မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရသူများ အရေးပေါ်အကူအညီလိုအပ်နေသည်ဟု ဒေသခံနှင့် စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတို့ထံမှ သိရသည်။
သထုံမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ လူနေကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်းကျေးရွာမှ ဒေသခံ ၄၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြရသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောင်မှု လိုအပ်ချက်များ ရှိနေသည်ဟု ကော့လှိုင်ဒေသခံတစ်ဦးက ပြောသည်။
“လက်ရှိမှာက သူတို့ တောထဲမှာပဲ နေနေတာ။ အခုအခြေနေက သူတို့ စားဝတ်နေရေးအတွက် ဆန်တို့ လိုအပ်တယ်။ စောင်တို့ ခြင်ထောင်တို့ အဲတာတွေလည်း လိုအပ်တယ်။ ကူညီပေးတဲ့ အဖွဲ့တွေက ရှိတယ်။ ဒါပေမဲ့ လုံလောက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကျုံမိန်ကျေးရွာမှ ဒေသခံ ၁၃၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံတို့မှ သိရသည်။
လတ်တလောတွင် သထုံမြို့နယ်အတွင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိနေသော်လည်း စစ်ကောင်စီတပ်မှ လူနေကျေးရွာအတွင်း လက်နက်ကြီးဖြစ် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူဦးရေ တဖြည်းဖြည်း တိုးလာနေသည်ဟု သထုံမြို့နယ်အတွင်းက စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“လက်ရှိမှာက သထုံဘက်မှာ တိုက်ပွဲဖြစ်တာ နည်းလာပြီးတော့ ကျိုက်ထိုဘက်မှာ လာဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့လည်း စစ်ဘေးရှောင်နေပြည်သူတွေက အိမ်ကို မပြန်ရဲကြသေးဘူး။ တိုက်ပွဲက ဆက်ဖြစ်နေမှာဆိုတော့ စစ်ဘေးရှောင်အရေအတွက်က ပိုတိုးလာဖို့ပဲရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူတို့ ထိခိုက်သေဆုံးမှုရှိနေသည့်အပြင် နေအိမ်ထိခိုက် ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
