spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းတနင်္သာရီရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

    တနင်္သာရီရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

    တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်နှင့် တံတားစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ ၃ နာရီကြာ အပြန်အလှည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဒေသခံ ၂ ဦးနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးကြောင်း ထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁၊ တနင်္သာရီမြို့နယ် ပကဖနှင့် မြိတ်မြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တနင်္သာရီ ပကဖ တာဝန်ခံမှ “တိုက်ပွဲတွေက ဆက်ရှိလာမှာဖြစ်ပါတယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တဲ့အခြေအနေပေါ့ဗျာ။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်တွေထဲက အင်အားဖြည့်နေတာ ကျွန်တော်တို့မြင်ရတယ်။ စုံစမ်းရသလောက် အလုံးအရင်းနဲ့ဖြည့်တာမျိုးမဟုတ်ဘဲ တစ်ခေါက်မှာ နည်းနည်းချင်းစီနဲ့ ဖြည့်နေတာ။ ဒါကြောင့် အချိန်မရွေးတိုက်ပွဲတွေရှိလာနိုင်တယ်ဗျ” ဟု ဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်တွင်လည်း ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ညောင်ပင်ကွင်း၊ ရေဖြူနှင့် ရှမ်းအင်းတော်အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

    တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိပေးကြရန် မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်းမှ သတိပေးထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks