spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုလုပ်ဆောင်လာဟု HRW ထုတ်ပြန်

    စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုလုပ်ဆောင်လာဟု HRW ထုတ်ပြန်

    -

    ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်သူများအပေါ် စစ်ကောင်စီက စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)မှ ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များကို ထောက်ပြထားခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ ဖမ်းဆီးထားစဉ် နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း၊ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား အလွန်အကျွံ တိုက်ခိုက်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လူ့အခွင့်အရေးလှုပ်ရှသူတစ်ဦးက “အခု ဒီစစ်ကောင်စီမှာက ပြည်သူဆိုတာ မရှိတော့ဘူး။ ပြည်သူကလည်း သူ့ရန်သူပဲ။ ဒါကြောင့်လည်း ရန်သူလိုသဘောထားပြီးတော့ကို လေယာဉ်နဲ့ တိုက်လိုက် သေနတ်နဲ့ပစ်လိုက် လက်နက်ကြီးနဲ့ ချလိုက် ဒီလိုကို တိုက်ခိုက်နေတာလေ။ အဲဒီတော့ ကျွန်တော်တို့လုပ်ရမှာက ဆန့်ကျင်ဖို့တစ်ခုထဲပဲ ရှိတယ်။ သူတို့ (စစ်ကောင်စီ)ကလည်း အဆုံးအစွန်ထိ သူလုပ်နိုင်တာကို လုပ်မှာပဲ။ ဒီကြားထဲမှာ ဘဝပျက်သွားတဲ့ပြည်သူတွေအတွက်ကတော့ အလွန်ကိုပဲ ဒါစိတ်မကောင်းဖြစ်ရပါတယ်” ဟု ဆိုသည်။

    ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် စာသင်ကျောင်း၊ ဆေးရုံနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ကလေးသူငယ်များအပါအဝင် လူထောင်ချီသေဆုံးခဲ့ရသည်။

    စစ်ကောင်စီက ချင်း၊ ကချင်၊ ကရင်ပြည်နယ်နှင့် ကရင်နီ ပြည်နယ်များတွင် လေကြောင်းတိုက်ခိုက်မှုကို ယမန်နှစ်အတွင်း ရာခိုင်နှုန်း ၃၀၀ လောက်အထိ ပိုပြီး လုပ်ဆောင်ခဲ့ကြောင်း HRW ကဆိုသည်။

    ၎င်းပြင် စစ်ကောင်စီသည် စစ်ရေးပြင်းထန်သည့်ဒေသများတွင် ဖြတ်လေးဖြတ်စနစ်ကို လုပ်ဆောင်နေပြီး လူသားချင်းစာနာမှုအကူအညီများ ပေးခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း မိုခါမုန်တိုင်းဖြစ်စဉ်နှင့် ထောက်ပြထားသည်။

    အာဏာသိမ်းကာလအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များ၊ LGBT များသည် စစ်ကောင်စီတပ်သားများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ကြုံနေရကြောင်းလည်း HRW က ဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် လူနှစ်သန်းနီးပါး စစ်ဘေးရှောင်နေကြရပြီး ကိုးသောင်းကျော် အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။

    သို့သော်လည်း မြန်မာစစ်တပ်သည် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် အပြစ်ပေးအရေးယူခံရခြင်း မရှိသေးကြောင်း HRW က ပြောဆိုထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒေသတွင်း တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကိုစုဆောင်းကာ နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရန် ကြိုးစားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks