spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အကျဉ်းသား ၆၇၀ ဦး ပြန်လွတ် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးပါ

    မွန်ပြည်နယ်တွင် အကျဉ်းသား ၆၇၀ ဦး ပြန်လွတ် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးပါ

    -

    မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၆၇၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၁ ဦး ပါဝင်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြန်လွတ်လာသူများတွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၈ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား ၂၃၁ ဦး၊ အကျဉ်းသူ ၁၁၉ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၃ ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အမျိုးသမီး ၃၅ ဦး၊ အင်္ဂဘိုနှင့် တောင်စွန်း အလုပ်စခန်းများမှ အကျဉ်းသား ၄၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ ၂၀ ဦးနှင့် အင်းဗြောင်အလုပ်စခန်းမှ ၁၁ ဦးတို့ ပါဝင်သည်။

    လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်မည်ဆိုပါက ယခင်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံရမည်ဟု ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လွတ်လာခြင်းဖြစ်သည်။

    “ကျိုက်မရောအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာကြသူတွေထဲမှာ ပုဒ်မ – ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၂ ဦးပါဝင်လာပါတယ်။ ထို့အတူဘဲ သထုံအကျဉ်းထောင်ကနေ ပုဒ်မ – ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၈ ဦးပါဝင်လာတာမျိုးတွေ့ရပါတယ်” ဟု ကျိုက်မရောအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယခုတကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

    ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်အမှတ်အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သည်။

    ၎င်းပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း သုံးနှစ်နီးပါးကာလအတွင်း အရပ်သား ၂၅၇၃၀ ဦးခန့်ဖမ်းဆီးခံထားရပြီး မွန်ပြည်နယ်မှ ၆၀၀ ခန့် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks