Friday, March 13, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့တွင်းရှိ စစ်ရှောင်အရပ်သားတို့၏ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခံနေရ

    ကော့ကရိတ်မြို့တွင်းရှိ စစ်ရှောင်အရပ်သားတို့၏ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခံနေရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း နေထိုင်သည့် ဒေသခံပြည်သူများ စစ်ဘေးတိမ်ရှောင် နေရချိန် နေအိမ်နှင့် ဆိုင်ခန်းအချို့ရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခံနေရကြောင်း မြို့ခံများထံမှ သိရသည်။

    ကော့ကရိတ်မြို့ခံများ စစ်ဘေးရှောင်နေရသည့်အချိန်၌ အခွင့်ကောင်းယူကာ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး လူသူမရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်နှင့် ဆိုင်ခန်းများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ကော့ကရိတ် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မြို့ခံတစ်ဦးက ပြောသည်။

    “ဖောက်ထွင်းခံနေရတာ (၄) ရက်လောက်ရှိနေပြီ။ သူခိုးတွေက နေအိမ်မှာ လူမရှိရင် စိတ်ကြိုက်ဝင်မွှေလို့ရတာပေါ့။ ဆိုးတာက ဆီပုလင်းကအစ ယူကြပြီး ဈေးလျှော့ပြီး ရောင်းစားနေကြတယ်။ တစ်ခြားပစ္စည်းဆိုရင်တော့ မပြောနဲ့တော့၊ ဘယ်လောက်ထိ ဖောက်ထွင်းခံနေရလဲတော့ မသိကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှအိမ်ပြန်လာပြီး မကြည့်နိုင်ကြသေးဘူးလေ” ဟု အထက်ပါ မြို့ခံဆိုသူက IMNA သို့ ပြောပြသည်။

    ကော့ကရိတ်မြို့နယ်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား တိုက်ပွားဖြစ်ပွားမှုကြောင့် အရပ်သားပြည်သူများ မြို့လုံးကျွတ်နီးပါး ထွက်ပြေးခဲ့ရသည်။

    ယင်းကဲ့သို့ စစ်ဘေးရှောင်နေရသည့် မြို့ခံတို့၏နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည့်ဖြစ်စဥ်များရှိသည့်အပြင် နေအိမ်နှင့် စျေးဆိုင်အချို့မှ ပစ္စည်းများကိုလည်း ဒေသခံအချို့နှင့် ပူပေါင်းကာ ဖောက်ထွင်းဝင်ရောက်ပြီး ယူဆောင်သွားကြသည်ဟု ကော့ကရိတ်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

    “ကျွန်တော်သိရသလောက်က တချို့ဖောက်ထွင်းခံရတဲ့ အိမ်တွေကို စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာ ကျန်ရှိနေတဲ့သူတချို့နဲ့ ပူပေါင်းလုပ်ဆောင်နေကြတယ်” ဟု အခြားမြို့ခံတစ်ဦးက IMNA သို့ ပြောသည်။

    လတ်တလောအခြေအနေအရ ကော့ကရိတ်မြို့ကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တို့ဘက်က ဝင်ရောက်ထိန်းချုပ်ထားသည်ဆိုသော်လည်း စစ်ရေးအရ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု KNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အခုက နယ်မြေစိုးမိုးမှုတော့ ယူထားတယ်၊ စစ်ကောင်စီတပ်ကို အလင်းဝင်ဖို့ ဖိတ်ခေါ်နေတယ်။ တိုက်ပွဲတော့ အရင်လို မပြင်းထန်တော့ဘူး၊ နေ့တိုင်တော့ ရှိနေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ သူတို့ (စစ်တပ်) ဘက်က ဘာမှအဖြေမရရင် ၁၆ ရက်နေ့လောက် ပြန်ပြီး ပြင်းထန်လာနိုင်တယ်” ဟု ကရင်အမျိုးသားရေးတပ်မတော်နှင့် နီးစပ်သူက ပြောသည်။

    လက်ရှိ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည့်သူများရှိသလို တိုက်ပွဲအတွင်း ပိတ်မိနေသေးသည့် ပြည်သူများလည်း ကျန်ရှိနေသေးကြောင့် စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

    ယခုအချိန်ထိ ကော့ကရိတ်ဒေသခံပြည်သူ နှစ်သောင်းနီးပါးတို့သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူညီတွေလည်း လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks