spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်အတွင်းက ယာဉ်လိုင်းအချို့ ရပ်နားရ

    စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်အတွင်းက ယာဉ်လိုင်းအချို့ ရပ်နားရ

    -

    မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီဝယ်ယူရ ခက်ခဲမှုများကြောင့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတချို့ ခရီးစဉ်ရပ်နားထားရကြောင်း ယာဉ်လိုင်းတာဝန်ရှိသူတို့ထံမှ သိရသည်။

    အဝေးပြေးယာဉ်လိုင်းများ စက်သုံးဆီဝယ်ယူရ ခက်ခဲနေကြသည့်အပြင် စက်သုံးဆီရရှိရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရခြင်းနှင့် လိုအပ်သလောက် ဝယ်မရသည့်အခြေအနေများကြောင့် မော်တော်ယာဉ်များပြေးဆွဲရန် အခက်ကြုံနေရကြောင်း ရန်ကုန် – မော်လမြိုင် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အရင်ကတော့ မော်လမြိုင်ကနေ ရန်ကုန်ကို တစ်ရက် ကား ၃ စီးထွက်တယ်။ အခုက တစ်စီးတည်းဘဲ ထွက်နိုင်တော့တယ်။ တချို့ဆို စက်သုံးဆီမရလို့ လုံးဝရပ်နားထားတဲ့ ယာဉ်လိုင်းတွေလည်းရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    စက်သုံးဆီရရှိရန် ယခုလို ဆက်လက်ခက်ခဲနေမည်ဆိုပါက အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းအတော်များများ ရပ်နားကြရမည့်အခြေအနေမျိုးဖြစ်သွားနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

    လတ်တလော စက်သုံးဆီပြတ်လပ်နေမှုကို သက်ဆိုင်ရာက ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးလို့လည်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

    “လက်ရှိမှာ နိုင်ငံရေးအခြေအနေကလည်း သိကြတဲ့အတိုင်းဘဲ။ ပြီးတော့ တိုက်ပွဲတွေကလည်း ဟိုနားဖြစ်၊ ဒီနားဖြစ်ဆိုတော့ တော်ရုံခရီးသည်တွေက ခရီးသိပ်မသွားကြတော့ဘူး။ ဒီကြားထဲ အခုလို စက်သုံးဆီကလည်း ပြဿနာကြီးတစ်ခုလိုဖြစ်လာတော့ ယာဉ်လိုင်းတွေအတွက်က ဘယ်လိုမှအဆင်မပြေဘူး။ ယာဉ်လိုင်းမပျက်အောင်တော့ ပုံမှန်တစ်စီး၊ နှစ်စီးလောက်တော့ ထွက်နိုင်အောင်ကြိုးစားနေရတယ်” ဟု အဝေးပြေးခရီးသည်တင်ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ယခုပွင့်လင်းရာသီအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်သွားလာမှုများပြားလာနိုင်သည်ဟု မျှော်လင့်ထားကြသော်လည်း လုံခြုံရေးအခြေအနေကြောင့် ခရီးသည်သွားလာမှုနည်းပါးနေခြင်း၊ စက်သုံးဆီရရှိရန် စက်သုံးဆီအရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေကြရခြင်းအပြင် စစ်ဆေးရေးဂိတ်များတွင်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုများကြောင့် အချိန်ကြန့်ကြာခြင်းများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့မှ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၇၀ ထက်မနည်းရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks