Saturday, March 14, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်တိုက်ဖျက်ရေးတွင် တတ်နိုင်သည့်ဘက်က ပါဝင်ကြဖို့ လူငယ်တွေကို MSFC တိုက်တွန်း

    စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် တတ်နိုင်သည့်ဘက်က ပါဝင်ကြဖို့ လူငယ်တွေကို MSFC တိုက်တွန်း

    -

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    မွန်ပြည်နယ်အတွင်းရှိ မွန်လူငယ်များနှင့် အခြားတိုင်းရင်းသားလူငယ်များအနေဖြင့် အနာဂတ်တွင် လွတ်လပ်၍ တန်းတူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စုတရပ် တည်ဆောက်သွားနိုင်ရန်အတွက် လက်ရှိစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် တတ်နိုင်သည့်ဘက်က ပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က တိုက်တွန်းလိုက်သည်။

    မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်နေခြင်းအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့်လည်းကောင်း၊ စစ်လေယာဉ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လျှက်ရှိပြီး၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံမွန်လူထု ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်သည် ကျိုက်မရောမြို့နယ်တွင်သာမက မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်နှင့် မွန်ပြည်နယ်တောင်ပိုင်း သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်း ကျူးလွန်နေသည်ဟု MSFC က ထုတ်ပြန်ထားသည်။

    စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးဖြင့် တိုက်ခိုက်ဖျက်သိမ်းသွားနိုင်မှသာ ပြည်သူအများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွား နိုင်မည်ဟု ဆိုသည်။

    ထို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ မွန်လူငယ်များနှင့် အခြားတိုင်းရင်းသားလူငယ်များအနေဖြင့် လက်ရှိစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် တတ်နိုင်သည့်ဘက်က ပါဝင်ပြီး၊ ပြည်သူလူထုများ အနေဖြင့်လည်း တော်လှန်ရေးလုပ်ငန်းစဉ်များအား နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးပါရန် မွန်ပြည် ဖက်ဒရယ်ကောင်စီမှ အလေးအနက်ထား တိုက်တွန်းထားသည်။

    စစ်ကောင်စီသည် “ကြွက်မနိုင် ကျီမီးရှို့”သည့် အလေ့အကျင့် ရှိနေသည့် အတွက် အပြစ်မဲ့ပြည်သူတို့အပေါ် ယခုကဲ့သို့ မကြာခဏ ထပ်မံရန်ရှာနေဦးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့ ဘေးကင်းလုံခြုံရေးကို အထူးသတိထားကြရန်လည်း တိုက်တွန်းထားသည်။

    ၎င်းပြင် ပြည်သူလူထုများအနေဖြင့် လက်ရှိကာလတွင် စစ်ဘေးစစ်ဒဏ်သင့်နေသည့်ကာလဖြစ်သည့်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီ ပြင်ဆင်ထားနိုင်ရန် လိုအပ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားသည်။

    စစ်ဘေးရှောင်ပြည်သူများကိုလည်း ရဟန်းသံဃာတော်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ အကူအညီများ ပေးအပ်သွားရန်နှင့်

    မွန်ပြည် ဖက်ဒရယ်ကောင်စီမှလည်း လူသားချင်းစာနာသည့် အကူအညီများကို တတ်အားသရွေ့ အကူအညီ ပေးနေပြီး အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

    စစ်ကောင်စီမှ မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအနှံ့ လူသားမျိုးနွယ်များအပေါ် အပြစ်ကျူးလွန်မှု (Crimes Against Humanity) နှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း (War Crimes) တို့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အပြင်းအထန် ရှုတ်ချကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks