spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဒေသတွင် ကျင်းပ

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဒေသတွင် ကျင်းပ

    -

    ဒီဇင်ဘာ ၁၊ ၂၀၂၃

    နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ စစ်ဘေးရှောင်များ တည်ရှိရာနေရာတွင် ကျင်းပသည်ဟု သိရသည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုကို အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတို့နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုအစီအစဉ်တွၚ် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများပါ ထည့်သွင်းထားသည်ဟု ဦးဆောင်ကျင်းပသူတို့က ပြောသည်။

    ပညာပေးကဏ္ဍအပါအဝင် ကူညီထောက်ပံ့မှုအစီအစဉ်လည်း ဆောင်ရွက်နေတာရှိပြီး ပူးပေါင်းပါဝင်လိုသူများလည်း ဖိတ်ခေါ်လျှက်ရှိသည်ဟု အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ မိချယ်ရီစိုးက ပြောသည်။

    “အဖွဲ့ကနေ စီစဉ်ထားတာက ပညာပေးဖို့ပေါ့။ ပညာပေးသွားဖို့ရှိတယ်။ အခုကျမတို့နိုင်ငံ၊ ကျမတို့ပြည်နယ်မှာလည်း တိုက်ပွဲတွေနေ့တိုင်းဖြစ်နေတယ်။ အဲဒီအပေါ်မှာ အမျိုးသမီးတွေရဲ့လုံခြုံရေး၊ ကလေးသူငယ်တွေရဲ့ လုံခြုံရေးအတွက်ပေါ့။ နေရာတိုင်းမှာလည်းရှိတယ်ဆိုတာကို အချိန်ရသလောက် သူတို့သိသွားဖို့ကိုလည်း လုပ်ဆောင်သွားမယ်။ ကူညီထောက်ပံ့ပေးနိုင်ဖို့ကိုလည်း ပြင်ဆင်ထားတယ်” ဟု မိချယ်ရီစိုးက ပြောသည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူလှုပ်ရှားမှုကို အဖွဲ့အစည်းများပါဝင်နိုင်သလို တစ်ဦးချင်းစီအနေဖြင့်လည်း ပြုလုပ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

    လက်ရှိတွင် ပဋိပက္ခဒေသတွင်းက အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အရေးယူမှုများလည်း မရှိတာကြောင့် ကိုင်တွယ်ဖြေရှင်းရတာတွေ ပိုများလာသည်ဟုလည်း မိချယ်ရီစိုးက ဆက်ပြောသည်။

    ၎င်းက “အာဏာမသိမ်းခင်တုန်းကဆိုရင် ပညာပေးတယ်။ အိမ်တွင်းအကြမ်းဖက်တာတို့၊ သက်ငယ်မုဒိမ်းတို့လောက်ပဲ။ အခုအချိန်မှာ အကြမ်းဖက်ခံရတာတွေများလာတော့ တရားရုံးမှာ သွားဖြေရှင်းရတာတွေသာမကဘဲ ဒီနိုင်ငံတကာ တရားရုံးတွေအထိ ဖြေရှင်းလာရတဲ့ အမှုတွေလည်းရှိလာတယ်။ ဥပမာ ကလေးတွေရဲ့ ကျောင်းအတွင်းဖြစ်နေတာတွေရောဆိုရင် ကျမတို့က ပညာသွားပေးရုံလောက်နဲ့ မဟုတ်ဘဲနဲ့ ကိုယ်တိုင်သွားရောက်ပြီး ကူညီတာတွေလည်း ပါသင့်တယ်။ အဲဒီလိုလုပ်ဆောင်ရတာတွေလည်း များတယ်” ဟု ဆိုသည်။

    စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်း အမျိုးသမီးပေါင်း ၃၂၀၀ ကျော်ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး၊ သေဆုံးသူပေါင် ၆၀၀ ကျော်ရှိသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။

    ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကသတ်မှတ်တားသည့် “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့” ဆိုသည့် ဆောင်ပုဒ်ကိုစွဲကိုင်စွဲပြီး အွန်လိုင်းပေါ်တွင်သာမက မြေပြင်တွင်လည်း တနည်းတဖုံကျင်းပနေကြသည်။

    နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုဟု သတ်မှတ်ထားပြီး အသိပညာပေးလှုံ့ဆော်မှုနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာတဝှမ်းတွင် ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks