Homeသတင်းမိုးစပါးပေါ်ချိန်တွင် ဆန်စျေး ထပ်မြင့်တက်လာ

မိုးစပါးပေါ်ချိန်တွင် ဆန်စျေး ထပ်မြင့်တက်လာ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၁၄၊ ၂၀၂၃။

မွန်ပြည်နယ်တွင် မိုးစပါးပေါ်ချိန် ဆန်စျေးကျလေ့ရှိသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန်မှာတော့ ဆန်စျေး ထပ်မံမြင့်တက်လာသည်ဟု ဆန်းကုန်သည်နှင့် စားသုံးသူတို့ထံမှ သိရသည်။

လက်ရှိတွင် စျေးကွက်အတွင်း၌ ဆန်ချောအုပ်စုဝင် ၂၄ ပြည်ဝင် ဆန်တစ်အိတ် ၆၅၀၀၀ ကျပ်ရှိနေပြီး၊ ရွှေဘိုပေါ်ဆန်မွှေး ၂၄ ပြည် တစ်အိတ် ၉၄၀၀၀ ကျပ် ပေါက်စျေးရှိနေသည်။

ယခုနှစ် မိုးစပါးအထွက်လျော့ကျနေသည့်အတွက် ဆန်စျေးသည် လက်ရှိထက် ပိုမြင့်တက်လာနိုင်ကြောင်း ဆန်စပါးစျေးကုန်သည်တို့က သုံးသပ်ပြောဆိုသည်။

“ဆန်စျေးက ကျဖို့မရှိတော့ဘူး။ တက်လာဖို့ပဲရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီနှစ်က စပါးခင်းတွေမှာ ပိုးကျတာ။ ပျက်စီးတာများနေတယ်။ အခုတောင်မှ စပါးတွေလိုက်ဝယ်နေတာ ရဖို့ကအရမ်းခက်နေတာ” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ဆန်စျေးနှုန်း၊ ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေသည့်အတွက် တနေ့လုပ်တနေ့စားများ ပိုပြီးခက်ခဲလာစေသည်ဟု ကမာဝက်ဒေသခံတစ်ဦးက ပြောသည်။

“အခုဆန်စျေးနှုန်းက ၇ သောင်း ၈ သောင်းကြားမှာဆိုတော့ ကျွန်တော်တို့လို့ တနေ့လုပ်တနေ့စားတွေအတွက်က မိသားစု တတစ်ဝမ်းစာရဖို့အတွက်က အရမ်းခက်တယ်” ဟု ဆိုသည်။

ဆန်စပါးသိုလှောင်ရုံ၊ ဆန်စက်ပိုင်ရှင်နှင့် ကုန်သည်တို့၏ စျေးကစားမှုကြောင့် ဆန်စျေး မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထုတ်ပြန်ထားသည့် ဆန်စျေးနှုန်းကတော့ ဧည့်မထအုပ်စုဝင် ၁၀၈ ပေါင် ၂၄ ပြည် ဆန်တစ်အိတ်ကို ၅၈၀၀၀ ကျပ်မှ ၆၄၀၀၀ ကျပ်၊ ဧရာမင်း၊ ဧရာပဒေသာနှင့် အထူးဧည့်မထအုပ်စုဝင် ဆန်တစ်အိတ်ကို ကျပ် ၆၅၀၀၀ မှ ၈၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ် ၇၅၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ် ရှိသည်။

ရွှေဘို‌ပေါ်ဆန်းအတွက် သတ်မှတ်ဈေးနှုန်းကိုတော့ စပါးပေါ်ချိန် ဒီဇင်ဘာလတွင် ထုတ်ပြန်ပေးသွားမည်ဟု ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts