spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    မွန်ပြည်နယ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၁၃၊ ၂၀၂၃။

    မွန်ပြည်နယ်တွင် လှုမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားဖြန့်ဝေသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရသည်ဟု သိရသည်။

    စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာ (facebook) အပြင် Tik Tok နှင့် အခြားသော လူမှုကွန်ရက်စာမျက်နှာများတွင် ခြေရာခံစောင့်ကြည့်ပြီး စစ်ကောင်စီကို ဝေဖန်သည့်ပို့စ်၊ တော်လှန်ရေးထောက်ခံသည့်ပို့စ်တွေကို ရေးသားဖြန့်ဝေသူများကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ကပင် မော်လမြိုင်မြို့ဒေသခံ ကိုကိုထွဋ်ဟာ ဝန်ကြီးများအိမ်ရာရှေ့က အတားအဆီးကို ဗီဒီယိုရိုက်ပြီး Tik Tok ပေါ် ရေးသားဖြန့်ဝေခဲ့သည့် မော်လမြိုင်မြို့ခံ ကိုကိုထွဋ်ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅- ကဖြင့် အမှုဖွင့်ခံသည်။

    ၎င်းပြင် နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရေးမြို့ နယ်ငါးလုပ်ငန်းဦးစီးမှူး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရပ်စာမျက်နှာ facebook ‌ပေါ် ဖြန့်ဝေခဲ့သည့် မော်လမြိုင်မြို့က CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေလည်း ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ခံခဲ့ရသည်။

    “လိုင်ပေါ်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပို့စ်တွေတင်တာ ဒါမဟုတ်ရင် အဲ့ပို့စ်တွေအောက်မှာ ကိုယ်ရဲ့အမြင်တွေရေးသားတာတွေကို လိုက်ဖမ်းနေတာရှိတယ်။ ပြီးတော့ သွားလာလို့ သူတို့ (စစ်တပ်) စစ်တာနဲ့ ဆုံရင် ဖုန်းကို စစ်တယ်။ လူတွေ သိပ်မသိတဲ့ application တွေ ကိုယ့်ဖုန်းမှာရှိနေရင် အရမ်းမေးတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။

    ယခုနောက်ပိုင်း စစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာသွားလာခွင့်ကို ပိုမိုပိတ်ပင်လာသည်ဟုလည်း အထက်ပါကျိုက်ထိုဒေသခံက ဆက်ပြောသည်။

    “အခုနောက်ပိုင်း facebook မှာ သူများ တင်ထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေဆို like တောင် မပေးရဲတော့ဘူး” ဟု လူငယ်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီကို ဝေဖန်သည့် စာတွေ၊ အကြမ်းဖက်အားပေးသည့် စာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသား ဖြန့်ဝေသည့်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေသည်။

    ဖမ်းဆီးခံရသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူးထားသူများသည်ရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူးထားသည်လည်း ရှိသည်။

    ယခု နိုဝင်ဘာလတွင် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်သည့်စာ ရေးသားဖြန့်ဝေခဲ့သည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရထားရသူ ၄ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂ နှစ်စီ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံထားရသူ ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

    Data for Myanmar အဖွဲ့ ထုတ်ပြန်ထားချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ယက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks