ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဆင်နွှဲနေသည့် မြို့သိမ်းတိုက်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ကြသည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းကြည်ဇင်စိုးက “သိမ်းတာတော့ သူတို့တွေ အခုလက်ရှိ အခြေအနေမှာ ပူးပေါင်းမှုကောင်းတယ်။ စစ်အင်အား၊ လက်နက်အင်အား အထူးသဖြင့်တော့ လူတွေရဲ့ စိတ်ဓါတ်တက်ကြွမှုရယ် ဒီဆုံးဖြတ်နိုင်စွမ်း လုပ်နိုင်စွမ်း ရှိနေတဲ့ အချိန်အတွင်းမှာ သိမ်းတာတွေကတော့ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီဟာက တဖြည်းဖြည်းနဲ့ အဲဒီလိုမျိုး ကျယ်ပြန့်လာနိုင်တာပေါ့နော်။ သိမ်းနိုင်တဲ့ နယ်မြေတွေ ကျယ်ပြန့်လာအောင် များလာအောင် လုပ်လာနိုင်ချေများတယ်။ ဒါပေမဲ့ ရေရှည်မှာ ဘယ်လိုထိန်းမလဲ အုပ်ချုပ်မှုအာဏာကို ကျနော်တို့ ဘယ်လိုမျိုး တည်ဆောက်မလဲဆိုတဲ့ဟာ အဲဒါက အဓိက မေးခွန်းဖြစ်နိုင်တယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်တို့ ထုတ်ပြန်ထားချက်အရ သိရသည်။
အလားတူ PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကလည်း နိုဝင်လအတွင်းမှာ ကောလင်းမြို့၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။
မြို့ကိုသိမ်းပိုက်နိုင်သော်လည်း အုပ်ချုပ်ရေး ယန္တယားများ လည်ပတ်နိုင်ရန် ကြိုးစားရဦးမည်ဟု စိုင်းကြည်ဇင်စိုးက ဆက်ပြောသည်။
“ဒီလိုမျိုး သိမ်းတာနဲ့ ထိန်းတာနဲ့ မတူဘူးပေါ့၊ သိမ်းတာလည်း ကျနော်တို့ ဟိုအရင် နှစ် ၇၀ ကျော်ကြာ တော်လှန်ရေး လုပ်လာတဲ့ လူမျိုးစုအခြေပြုတဲ့ KNU တို့ အဲဒီလို တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေလည်း သိမ်းလိုက် ပြီးသွားရင် ပြန်ပါသွားလိုက်၊ သိမ်းလိုက်ပြန်ပါသွားလိုက်ဆိုတဲ့ဟာက ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိတယ်၊ အဲဒီတော့ ဒီဟာက သိမ်းရုံနဲ့တော့ သိမ်းနိုင်ပြီပေါ့နော်၊ ဒါပေမဲ့ ဘယ်လိုဆက်ပြီးတော့ ထိန်းမလဲ ပြီးတော့ အုပ်ချုပ်ရေး ပြည်သူလူထုကို ထောက်ပံ့ကူညီပေးနိုင်မလဲ၊ ယန္တယားစနစ်တွေ ဘယ်လိုထူထောင်မလဲ ဘယ်လိုမျိုး အကောင်အထည်ဖော်မလဲဆိုတဲ့ဟာတော့ အများကြီး ကြိုးစားရဦးမယ့် အလုပ်တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူးမြို့နှင့် ထီးချိုင့်မြို့တို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
