spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ထွက် ကွမ်းသီးများ စျေးဆက်တိုက်ကျပြီး ဝယ်သူမရှိဖြစ်နေ

    မွန်ပြည်နယ်ထွက် ကွမ်းသီးများ စျေးဆက်တိုက်ကျပြီး ဝယ်သူမရှိဖြစ်နေ

    -

    မွန်ပြည်နယ်တွက် ကွမ်းသီးများ စျေးဆက်တိုက်ကျနေပြီး ဝယ်သူမရှိဖြစ်နေသည်ဟု ပြည်နယ်အတွင်းက ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    လက်ရှိတွင် မွန်ပြည်နယ်စျေးကွက်အတွင်း ကွမ်းသီးအခြောက်တစ်ပိဿာ ကျပ် ၁၅၀၀ ဝန်းကျင်သာ ရှိနေသည်ဟု ဆိုသည်။

    ကွမ်းသီးများ စျေးအဆမတန်ကျနေပြီး ဝယ်သူမရှိသည့်အပြင် ယမန်နှစ်က ကွမ်းသီးလက်ကျန်များနှင့် ယခုနှစ် ကွမ်းသီးရာသီတွင် ထွက်သည့်ကွမ်းသီးများ တောင်သူလက်ထဲတွင် ပုံနေကြောင်း ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    “ကျွန်တော်တို့ရောင်းနေကျ ဒိုင်ကလည်း သူတို့လိုတဲ့အချိန်မှ ဝယ်ကြတယ်။ အဲ့တာကြောင့် ကွမ်းသီးတွေ မှည့်တဲ့အချိန်ကျရင် ခူးပြီးတော့ နေလှန်းထားရတယ်။ အချို့အိမ်တွေဆို မနှစ်က ကွမ်းသီးလက်ကျန်တောင် ကျန်နေသေးတယ်” ဟု ရေးမြို့မှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

    ကွမ်းသီးစျေး ဆက်တိုက်ကျနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ ရပ်တည်ရန် ခက်ခဲလာပြီး ကွမ်းသီးလုပ်ငန်းရပ်တန့်ရသည့်အထိ ဖြစ်လာနိုင်သည်ဟု မွန်ပြည်နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူတို့က ဆိုသည်။

    ကွမ်းသီးစျေး အဆမတန်ကျဆင်းနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများသာမက ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသူတို့လည်း အရှုံးပေါ်နေသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့က ပြောသည်။

    “ကွမ်းသီးခြံက ရေရည်အပင်ဖြစ်နေတော့ ဆက်လုပ်ရမှာပဲ။ အခုက လုပ်လေ ရှုံးလေ အဲလိုမျိုး ဖြစ်နေတယ်။ကွမ်းသီးခြံအပေါ် မှီခိုနေလုပ်နေရတဲ့သူတွေ အခက်ကြီးတွေ့နိုင်တယ်ပေါ့။ အခုတောင်မှ ဒီကွမ်းသီးစျေးနဲ့ မိသားစုဝမ်းစာ၊ ကလေးကျောင်းနေဖို့ အနိုင်နိုင်ဖြစ်နေတာ” ဟု အခြားကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

    ယခင်နှစ်က ကွမ်းသီးအခြောက် တစ်ပိဿာ ကျပ် ၇၀၀၀/၈၀၀၀ ဝန်းကျင်အထိ စျေးရရှိခဲ့သည်ဟု ကွမ်းသီးစိုက်တောင်သူတို့က ပြောသည်။

    မွန်ပြည်နယ်တွင် ရေးမြို့နယ်သည် ကွမ်းသီးအဓိက စိုက်ပျိုးသည့်ဒေသတစ်ခုဖြစ်ပြီး ကွမ်းသီးစိုက်ပျိုးဧက သိန်းနှင့်ချီ ရှိသည်ဟု ဒေသခံကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်မှ ထွက်သည့် ကွမ်းသီးများကို ပြည်တွင်းသာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သို့ အဓိက တင်ပို့နေသည်ဟု ကွမ်းသီးအဝယ်ဒိုင်များမှတစ်ဆင့် သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks