ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့ ထိခိုက်ပျက်စီးလည်းရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးမြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သည်ဟု KHRG က နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း KHRG က ဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့အပြင် ကော့ကရိတ်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ကြာအင်းဆိပ်ကြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူများအပြင် ကရင်ပူးပေါင်းတပ်ဖွဲ့မှ ဒုစစ်ကြောင်းမှူးအပါအဝင် ၂ ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုဖြစ်စဥ◌်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးသွားကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ အဇင်းကျေးရွာအနီးရှိ မောထတောင်ကုန်းဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု KHRG က ထုတ်ပြန်ထားသည်။