Homeသတင်းကုန်စျေးနှုန်းကြောင့် ဆားထုတ်လုပ်ကုန်ကျစရိတ် သုံးဆခန့်မြင့်တက်လာ

ကုန်စျေးနှုန်းကြောင့် ဆားထုတ်လုပ်ကုန်ကျစရိတ် သုံးဆခန့်မြင့်တက်လာ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၊ ၂၀၂၃။

ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ယခုနှစ် ဆားရာသီတွင် ဆားထုတ်လုပ်မှုကုန်ကျစရိတ် သုံးဆခန့်မြင့်တက်လာသည်ဟု မွန်ပြည်နယ်အတွင်းက ဆားတောင်သူတို့က ပြောသည်။

ပြည်နယ်အတွင်း၌ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် စက်သုံးဆီစျေး၊ အလုပ်သမားငှားရမ်းခအပါအဝင် အဆမတန်မြင့်တက်လာသည့် အထွေထွေကုန်စျေးနှုန်းများကြောင့် ဆားထုတ်လုပ်မှုကုန်ကျစရိတ်လည်းသုံးဆခန့် မြင့်တက်လာသည်ဟု ဆိုသည်။

ဆားထုတ်လုပ်မှုအတွက် ကုန်ကျထားသည့်ကုန်ကျစရိတ်များနေသည့်အတွက် ဆားကြမ်းတစ်ပိဿာ ၂၀၀ ခန့်ရရှိမှသာ ဆားတောင်သူများ အဆင်ပြေနိုင်ကြောင် အကယ်၍ ဆားစျေး လက်ရှိထက် ကျသွားပါက ဆားတောင်သူများ တွက်ခြေမကိုက်ဖြစ်နိုင်ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောသည်။

“ဆားစျေး ၂၀၀ လောက်နဲ့ အတည်ဖြစ်နေမယ်ဆိုရင် အဆင်ပြေတယ်။ ကုန်ကျထားတဲ့ကုန်ကျစရိတ်နဲ့  စက်သုံးဆီစရိတ်တို့ အလုပ်သမားခတို့ စက်သုံးဆီစရိတ်ဆို တနှစ်တနှစ် အများကြီးကုန်တယ်။ အလုပ်သမားခလည်း ဒီနှစ်ဆို တက်သွားတယ်။ ဆိုတော့ အလုပ်သမားခလည်း တက်သွားတယ်။ ဆီစျေးကလည်း မကျဘူးဆိုတော့ ဆားစျေးက ၂၀၀ လောက်ဆိုရင် သိပ်ပြဿနာမရှိဘူး။ တကယ်လို့ ဆားစျေးကျသွားမယ် ၁၅၀ အောက်ကျသွားမယ်ဆိုရင် ဆားတောင်သူတွေအတွက် အခက်အခဲရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဆားစျေးသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ပိဿာ ၂၅၀ ကျပ်အထိရှိနေခဲ့ရာမှ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာ ၂၀၀ ကျပ်အထိ ဆားစျေးကျလာသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

ဆားစျေးသည် တဖြည်းဖြည်းကျလာနေကြောင်း ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားအထွက်များပါက ဆားစျေးသည် ယခုထက်ပိုကျလာနိုင်ကြောင်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားကြသည်။

“ဆားကတော့ အထွက်နည်းမယ်ဆိုရင် စျေးကောင်းရတယ်ပေါ့။ ဆားအထွက်များတဲ့အခါကျရင် စျေးကျမယ်။ အဲအခါကျရင် အခက်အခဲရှိမယ်ပေါ့။ အဲဒါကြောင့် ဒီနှစ်က ရာသီဥတုအခြေအနေကို ကြည့်ရမယ်။ ဒီနှစ်က အယ်နီညိုဖြစ်မယ်ဆိုတော့ မိုးနည်းမယ် ပူမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတယ်ဆိုတော့ အဲအခြေအနေကို ကြည့်ရမယ်။ အဲခန့်မှန်းထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင် ဆားစျေးက အများကြီးကျသွားနိုင်မယ်လို့တော့ထင်တယ်” ဟု အထက်ပါ ဆားလုပ်ငန်းရှင်က ဆက်ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ဆားကွင်းဧကပေါင်း ၄၀၀၀ နှင့် ၅၀၀၀ ကြား ဆားထုတ်လုပ်နေကြသည်ဟု ဆားတောင်သူတို့ထံမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးစျေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟုလည်း ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပါင်မြို့နယ်ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts