spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းမော်လမြိုင် အမှတ် (၉) အထကကျောင်းဆောင် မီးလောင်မှုထပ်ဖြစ်

    မော်လမြိုင် အမှတ် (၉) အထကကျောင်းဆောင် မီးလောင်မှုထပ်ဖြစ်

    -

    အောက်တိုဘာ ၂၅၊ ၂၀၂၃

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဆောင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ နှစ်ပေါင်း (၁၁၀) သက်တမ်းရှိသည့် ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်သစ်သားဆောင်နှင့် RC နှစ်ထပ် ကွန်ပျူတာကျောင်းဆောင်တို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

    “မနက် ၃ နာရီလောက် မီးညွန့်တက်လာမှ ကျောင်းမီးလောင်နေတာသိကြတာ။ မီးသတ်ကားတွေရောက်လာတဲ့အချိန် မီးတောက်က တော်တော်ကြီးနေပြီး” ဟု ပန်းဘဲတန်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    ကျောင်းပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က စက်ဘီးစီးလာသည့် အမျိုးသမီးတစ်ဦးမှ မီးဝင်ရှို့သွားသည်ကို တွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကျောင်းဆောင်မီးလောင်မှုဖြစ်စဥ◌်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ကျောင်းဆောင် မီးလောင်မှုကို မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံပြည်သူတို့၏ ဝိုင်းဝန်းငြိမ်သက်မှုကြောင့် မီးကို နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးထိန်းနိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “၄ နာရီ ၄၅ မှာ မီးထိန်းနိုင်ခဲ့တယ်။ ၅ နာရီမှာတော့ မီးလုံးဝငြိမ်းသွားပြီ။ မီးလောင်သွားတာကတော့ ဦးသာညှင်းဓမ္မာရုံနဲ့ နှစ်ထပ်ကျောင်းဆောင် ဘယ်ကနေဘယ်လိုစဖြစ်တာလဲဆိုတော့ အစ်ကိုတို့အနေနဲ့ သေချာမသိဘူး တာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးနေကြတုန်းပဲ” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်ကလည်း နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် မော်လမြိုင် အထက (၉) ကျောင်းတစ်ဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။

    မီးလောင်သွားသည့် ဦးသာညှင်းကျောင်းဆောင်သည် ၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ပင်မကျောင်းဆောင်တစ်ခုဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts