Homeသတင်းကျိုက်ထိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို အရပ်ဝတ်နှင့် လူတစ်စုက အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အသက် ၅၀ အရွယ် ဦးသန်းလွင်ကို အရပ်ဝတ်နှင့် လူတို့က စစ်ဆေးမေးမြန်းစရာရှိသည်ဆိုပြီး နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို စစ်ကောင်စီ အမြှောက်တပ် (၃၁၀) တပ်ဖွဲ့တို့က ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို သတင်းပေးတာ၊ ထောက်ပံ့မှု လုပ်ဆောင်တာဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

သို့သော် စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ ဦးသန်းလွင်ကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရေးသားထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် ဦးသန်းလွန်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ မသိရှိရသေးဘူးဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း PDF များနှင့် ဆက်စပ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် လုပ်ငန်းရှင်များအပါအဝင် ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုသည် ထောင်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၃၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု အောက်တို ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts