Thursday, March 12, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် အလှည့်ကျဖြင့် မီးပေးမည်ဟုဆိုသော်လည်း အချိန်မှန် မီးမရဟုဆို

    မော်လမြိုင်တွင် အလှည့်ကျဖြင့် မီးပေးမည်ဟုဆိုသော်လည်း အချိန်မှန် မီးမရဟုဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အုပ်စု ၃ အုပ်စုခွဲပြီး ၄ နာရီခြားတခါ အလှည့်ကျ မီးပေးမည်ဟု ထုတ်ပြန်ထားသော်လည်း အချိန်မှန် လျှပ်စစ်မီးမရရှိသည့်အပြင် မီးပေးချိန်လည်း အပြည့်အဝမရရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

    မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများကို အုပ်စု (A) (B) (C) ခွဲပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု မော်လမြိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှ အောက်တိုဘာ ၁၂ ရက်နေ့က ထုန်ပြန်ထားသည်။

    ဓာတ်အားဖြန့်ဖြူးရာတွင် လေးနာရီခြားတစ်ခါဖြင့် ကြာချိန် ၂ နာရီ ဖြန့်ဖြူးပေးမည်ဟု မော်လမြိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှ ထုတ်ပြန်ထားသော်လည်း မီးလာချိန် ၁ နာရီဝန်းကျင်ခန့်သာ ရရှိနေကြောင်း၊ အချိန်လည်း မမှန်ကြောင်း မော်လမြိုင်မြို့၊ စျေးကြို၊ တောင်ဝိုင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

    “အလှည့်ကျမီးပေးမယ်ဆိုတဲ့ဟာ မထုတ်ပြန်ခင်အချိန်ကဆို မီးလာချိန်/ ပျက်ချိန်က မှန်နေသေးတယ်။ ပြီးတော့ မီးလာတဲ့အချိန်ကလည်း များတယ်။ ထမင်းကျက်တဲ့အထိ လာပေးတယ်။ ဒါပေမဲ့ အခုက ထမင်းတောင် မကျက်သေးဘူး မီးကပျက်သွားပြီး” ဟု ၎င်းက ပြောသည်။

    ယခုအချိန်တွင် အဝေးသင်တက္ကသိုလ်ကျောင်းသားများ စာမေးပွဲဖြေဆိုနေချိန်ဖြစ်သောကြောင့် မီးအချိန်မှန် မရရှိသည့်အတွက် ကျောင်းသားများ စာကျက်၊ စာလုပ်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု အဝေးသင်တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

    သီရိမြိုင်ရပ်ကွက် နေထိုင်သူတစ်ဦးကလည်း လျှပ်စစ်ဓာတ်အား အလည်ကျဖြန့်ဝေပေးမည်ဆိုသော်လည်း ပေးချင်သည့်အချိန်သာပေးပြီး ဖြတ်ထောက်ချင်သည့်အချိန် ဖြတ်တောက်နေသည်ဟု ဆိုသည်။

    “ဘာမှ ထူးခြားလာတာမရှိဘူး။ ပုံမှန်အတိုင်းပဲ ပျက်နေတာ။ တစ်ခါတစ်လေဆို တစ်နေ့လုံး တစ်ခါမှမလာဘူး။ လာရင် လူအိပ်ချိန်မှ လာတယ်။ အဲ့အတိုင်းပဲ ဆက်သွားနေတာ” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် တစ်နေ့ ၂၄ နာရီမှာ ၄ နာရီဝန်းကျင်သာ လျှပ်စစ်မီး ရရှိနေသည်ဟုလည်း အထက်ပါ သီရိမြိုင်ရပ်ကွက်နေသူက ဆက်ပြောသည်။

    လျှပ်စစ်မီးသည် မြို့ပေါ်ထက် နယ်ဘက်တို့တွင် ပိုမိုဖြတ်တောက်ခံနေရကြောင်း၊ နယ်ဘက်တွင် တစ်ရက်လျှင် ၂/၃ နာရီခန့်သာ ရရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks