Homeသတင်းNCA အခမ်းအနားတက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို တာဝန်မှ ရုတ်သိမ်းကြောင်း ABSDF ထုတ်ပြန်

NCA အခမ်းအနားတက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို တာဝန်မှ ရုတ်သိမ်းကြောင်း ABSDF ထုတ်ပြန်

-

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းအပါ သုံးဦးကို တာဝန်များမှ ရုတ်သိမ်းကြောင်း ABSDF က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားသို့ ABSDF မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးစောမောင်ဦး၊ ဦးမင်းဇော်တို့ တက်ရောက်ခဲ့ကြသည်။

ABSDF တပ်ဖွဲ့ဝင် ၃ ဦးသည် NCA ၈ နှစ်ပြည့်အခမ်းအနားသို့ တပ်ဖွဲ့မှ ချမှတ်ထားသည့် မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထားသက်သက်ဖြင့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

၎င်းပြင် ABSDF ၏ မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်လည်း သတိပေးထားသည်။

စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အတွက် NCA ပျက်ပြယ်သွားပြီးဖြစ်သလို NCA (၈) နှစ်ပြည့်အခမ်းအနား တက်ရောက်ရန်လည်း မည်သည့် တပ်ဖွဲ့ဝင်များကိုမှ တာဝန်ပေးအပ်ခြင်းမရှိကြောင်းကို ABSDF ထုတ်ပြန်ထားပြီးဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် ABSDF သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts