တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းအပါ သုံးဦးကို တာဝန်များမှ ရုတ်သိမ်းကြောင်း ABSDF က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားသို့ ABSDF မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးစောမောင်ဦး၊ ဦးမင်းဇော်တို့ တက်ရောက်ခဲ့ကြသည်။
ABSDF တပ်ဖွဲ့ဝင် ၃ ဦးသည် NCA ၈ နှစ်ပြည့်အခမ်းအနားသို့ တပ်ဖွဲ့မှ ချမှတ်ထားသည့် မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထားသက်သက်ဖြင့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
၎င်းပြင် ABSDF ၏ မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်လည်း သတိပေးထားသည်။
စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အတွက် NCA ပျက်ပြယ်သွားပြီးဖြစ်သလို NCA (၈) နှစ်ပြည့်အခမ်းအနား တက်ရောက်ရန်လည်း မည်သည့် တပ်ဖွဲ့ဝင်များကိုမှ တာဝန်ပေးအပ်ခြင်းမရှိကြောင်းကို ABSDF ထုတ်ပြန်ထားပြီးဖြစ်သည်။
NCA လက်မှတ်ရေးထိုးထားသည့် ABSDF သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လာခဲ့သည်။