မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဝငဲ့ကျေးရွာတွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကန်စွန်းရွက်သွားခူးသည့် သားအမိနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေနစ်သေဆုံးသည့်သားအမိနှစ်ဦးသည် ဝငဲ့ကျေးရွာအနီး ရော်ဘာခြံအတွင်း နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားမိသားစုဝင်များဖြစ်သည်ဟု ဆိုသည်။
အဆိုပါ သားအမိနှစ်ဦးသည် ဝငဲ့ကျေးရွာအနီးရှိ ရေကန်တွင် ကန်စွန်းရွက်သွားခူးကြရာမှ နေအိမ်သို့ ပြန်မရောက်လာသည့်အတွက် လိုက်လံရှာဖွေခဲ့ကြရာမှ ရေနစ်သေဆုံးနေကြောင်းကို သိရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရေကန်အနီးမှာ ဖိနပ်နှစ်ရံတွေ့လို့ အဲ့ဒါနဲ့ ရေကန်ထဲရေငုတ်ရှာဖွေရာကနေ သားအမိနှစ်ဦးရဲ့ အလောင်းတွေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဒေသခံများက ရေနစ်သေဆုံးခဲ့သည့် သားအမိနှစ်ဦး၏ ရုပ်အလောင်းအား ဝငဲ့ကျေးရွာမှ စက်လှေဖြင့် ကျိုက်မရောမြို့၊ စံပယ်ဂူလှေဆိပ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကမွန်းချုံကျေးရွာတွင် အမျိုးသားတစ်ဦး ရေတွင်းထဲကျကာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။