Thursday, March 12, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးပါတီအချို့ NCA (၈) နှစ်ပြည့်အခမ်းအနားတက်ဖို့ ဖိတ်ကြားခံရမှုမရှိသေး

    နိုင်ငံရေးပါတီအချို့ NCA (၈) နှစ်ပြည့်အခမ်းအနားတက်ဖို့ ဖိတ်ကြားခံရမှုမရှိသေး

    -

    လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ဖို့ နိုင်ငံရေးပါတီအချို့ကို ဖိတ်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့် ရှိသူ နိုင်သန်းရွှေက “ခုထိ ဖိတ်ကြားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ တချို့ပါတီ CEC တို့ ဘာတို့ ပုဂ္ဂိုလ်ရေးအရ ဖိတ်ထားတာရှိတယ်လို့တော့ ကြားတယ်၊ ပါတီအနေနဲ့တော့ ဖိတ်တာတော့ မရှိဘူး။ လောလောဆယ်တော့ ပုဂ္ဂိုလ်ရေးအရ ဖိတ်တာပဲရှိတယ်” ဟု ပြောသည်။

    ပါတီမှတ်ပုံတင် မကျသည့်အတွက် မဖိတ်ကြားခြင်း ဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖိတ်ကြားလာပါ တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    ပါတီမှတ်ပုံတင်မကျသေးသည့် ရခိုင်အမျိုးသားပါတီ (ANP) လည်း ဖိတ်ကြားခံရမှု မရှိသေးကြောင်း ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

    “လောလောဆယ် ဖိတ်ကြားမှု ကျနော်တို့မှာတော့ မရှိသေးဘူး။ ကျနော်တို့ဆီကိုတော့ ဖိတ်ကြားတာ၊ အကြောင်းကြားတာ လောလောဆယ် ဘာမှ မရှိဘူး” ဟု ဆိုသည်။

    တိုင်းရင်းသားအင်အားကြီးပါတီများဖြစ်သည့် မွန်ညီညွတ်ရေးပါတီ (MUP)၊ ရခိုင်အမျိုးသားပါတီ (ANP) တို့သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားပြီး ယနေ့ထိ ပါတီမှတ်ပုံတင်မကျသေးဘူးလို့ ပါတီထံမှ သိရသည်။

    NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပြင် လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံများကိုလည်း ဖိတ်ကြားထားကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks