Tuesday, March 17, 2026
More
    spot_img
    Homeသတင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၁၈၀၀၀ နီးပါး တိုးလာဟု UNOCHA ထုတ်ပြန်

    နေရပ်စွန့်ခွာထွက်ပြေးသူ ၁၈၀၀၀ နီးပါး တိုးလာဟု UNOCHA ထုတ်ပြန်

    -

    မြန်မာပြည်တွင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ၆ ရက်အတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၈၀၀၀ နီးပါးရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA- Myanmar) က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

    စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ နိုင်ငံအရှေ့တောင်ဘက်မှ လူဦးရေ ၄,၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအနောက်မြောက်ဖက်ရှိ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် စက်တင်ဘာလနှောင်းပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ဖော်ပြထားသည်။

    တိုက်ပွဲများကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဒေသခံများ အနီးနားရှိ တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် တခြားအခြေခံပစ္စည်းများ အရေးပေါ် လိုအပ်နေသည်ဟုလည်း ဆိုသည်။

    စက်တင်ဘာလနှောင်းပိုင်းကတည်းက ကယားပြည်နယ်ရှိ အဓိကလမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ရှမ်း-ကယားနယ်စပ်တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်မှု ကြုံတွေနေရသလို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များလည်း အဟန့်အတားဖြစ်နေသည်ဟု ထုတ်ပြန်ထားသည်။

    ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၂ သန်းနီးပါးရှိလာပြီဟု ဆိုသည်။

    ၎င်းအနက်မှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးသည် စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်သည်ဟု UNOCHA- Myanmar ထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ကူညီမှုအစီအစဥ်အတွက် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ရာခိုင်နှုန်းသာရရှိပြီး ထပ်တိုးရန်ပုံငွေများစွာ လိုအပ်နေသည်ဟုလည်း UNOCHA- Myanmar က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks