spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်မှုမြင့်တက်

    ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်မှုမြင့်တက်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်နှင့် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ ကျိုက်ထိုမြို့နယ်ထဲ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။  

    စစ်ကောင်စီတပ်ရင်းတို့မှ တစ်ရက်လျှင် အနည်းဆုံး လက်နက်ကြီး ၅ လုံးမှ ၁၀ လုံးထက်မနည်း ပစ်ခတ်နေခြင်းကြောင့် မိသားစု စားဝတ်နေရေးအတွက် ဥယျာဉ်ခြံနှင့် လုပ်ငန်းခွင်ထဲ သွားရန် အခက်အခဲ ရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “လက်နက်ကြီးက နေ့တိုင်းပစ်နေတာ။ ဘာမှ လုပ်စားလို့ မရတော့ဘူး။ အသံကြားတာနဲ့ ဗုံးခိုကျင်းထဲ ပြေးပြေးနေရတာ။ ဒီမှာက အားလုံးနီးပါး ဗုံးခိုးကျင်တူးထားကြတာ။ ကုန်ဈေးနှုန်းက တက်တယ်။ အလုပ်က လုပ်လို့မရဘူးဆိုတော့ ကြာရင် ငတ်ဖို့ပဲ ရှိတော့မယ်” ဟု ခရွဲဒေသခံတစ်ဦးက ပြောသည်။

    အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာနေ ဦးဖိုသားဝ နေအိမ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဆိုင်ကယ်တစ်စီးပျက်စီးပြီး နွားနှစ်ကောင် ထိခိုက်ဒဏ်ရာရှိခဲ့သေးသည်။

    စစ်ကောင်စီတပ်ရင်းတို့သည် ကျိုက်ထိုမြို့နယ်၊ ချောင်းဝ၊ ခရွဲ၊ ကညင်းအိုင်နှင့် ကျောက်ပုံကြီးကွင်းကျေးရွာတို့ကို အဓိက ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ငွေကြေးတက်နိုင်သည့် ဒေသခံတို့က သိမ်ဇရပ်နှင့် ကျိုက်ထိုမြို့ပေါ်သို့ ပြောင်းရွှေ့သွားကြသည်လည်းရှိနေသည်။

    “လက်နက်ကြီးကတော့ နေ့တိုင်းပစ်တာ။ ဒီလိုပဲ ကြောက်ကြောက်နဲ့ နေနေရတာ။ ပိုက်ဆံရှိတဲ့သူတွေကတော့ သိမ်ဇရပ်ဘက်ခြမ်း ပြောင်းကုန်ကြပြီ” ဟု ချောင်းဝဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် ပိတောက်တော၊ ဇီးကုန်းနှင့် ငှက်ပျောတောကျေးရွာထဲ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူများ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဒဏ်၊ မြေမြှုပ်မိုင်းနင်းမိဒဏ်ခံနေရပြီး သေဆုံး ဒဏ်ရာရမှုလည်း ရှိနေသည်ဟု ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks