spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်း အမျိုးသမီးများ ပစ်မှတ်ထား လုယက်ခံနေရ

    ရေးမြို့နယ်အတွင်း အမျိုးသမီးများ ပစ်မှတ်ထား လုယက်ခံနေရ

    -

    စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အမျိုးသမီးများ ပစ်မှတ်ထား လုယက်ခံနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာနှင့် ကျောက်မိချောင်းကျေးရွာကြားတွင် အမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ပြ ခြိမ်းခြောက်ပြီး ပါလာသည့် ငွေကျပ် ၁၀ သိန်းကို လုယူသွားသည့်ဖြစ်စဉ် ရှိခဲ့သည်။

    အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ရေးမြို့တွင် ချေးငွေကုမ္ပဏီ ငွေသွင်းရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် အမျိုးသမီးတစ်ဦးကို ရေး-အစင်သွားလမ်းတွင် လူနှစ်ဦးက ပိုက်ဆံအိတ်လုယက်ခဲ့သည့်ဖြစ်ပွားခဲ့သည်။

    ရေးမြို့နယ်အတွင်း လုယက်ခံရမှုဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်ပွားလာနေကြောင်း အထူးသဖြင့် အမျိုးသမီးများကို ပစ်မှတ်ထား လုယက်နေကြောင်း ရေးမြို့နယ်၊ လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

    “လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ကော့ဒွတ်နဲ့ သောင်ပြင်သွားလမ်းမှာ ဆိုင်ကယ်လုပြီးတော့ အဓမ္မပြုကျင့်တဲ့ ဖြစ်စဥ်တစ်ခုလည်း ရှိခဲ့တယ်။ ပြီးတော့ ဒီလမိုင်းဘက်မှာ တစ်လအတွင်း အမျိုးသမီးလုယက်ခံရတဲ့ ဖြစ်စဉ်တွေက ၃/၄ ကြိမ်လောက်ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

    အမျိုးသမီးများ ဆိုင်ကယ်လုယက်ခံရမှု၊ ဆွဲကြိုးလုယက်ခံရမှု၊ ပိုက်ဆံအိတ်လုယက်ခံရမှုအပြင် လူကို သတ်ဖြတ်ပြီး ပစ္စည်းလုယက်တာ၊ လူကို နာကျင်ထိခိုက်အောင်ပြုလုပ်ပြီး ပစ္စည်းလုယက်တာတွေလည်း မကြာခဏဖြစ်ပွားနေသည်။

    လက်ရှိတွင် ရေးမြို့နယ်အတွင်း၌ သူခိုးများ အုပ်စုဖွဲ့ပြီး လုယက်တာ၊ ခိုးတာတွေကို လုပ်ဆောင်နေကြောင်း ရေးမြို့ခံတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ လေ့လာရသလောက်၊ ပြီးတော့ ပါသွားတဲ့ဆိုင်ကယ်တွေ လိုက်စုံစမ်းကြည့်ရသလောက်က သူတို့( သူခိုး) တွေက အဲ့လိုနဲ့ပဲ လုပ်စားနေကြတာ။ သူတို့က အဖွဲ့နဲ့ လိုက်ခိုးတယ်။ အဖွဲ့နဲ့ လုယက်တာတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

    ရေးမြို့နယ်အပြင် မွန်ပြည်နယ်အတွင်းက မော်လမြိုင်နှင့် အခြားမြို့နယ်တို့တွင်လည်း အမျိုးသမီးလုယက်ခံရသည့်ဖြစ်စဥ◌် ဆက်တိုက်ဖြစ်ပွားနေသည်ဟု သိရသည်။

    ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုနှင့် လူသတ်ပြီးပစ္စည်းလုယက်သည့်ဖြစ်စဥ်အများစုတွင်လည်း ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိဘူးသလို သက်ဆိုင်ရာကို တိုင်ကြားသော်လည်း ထူးခြားမှုမရှိဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    ရဲတပ်ဖွဲ့များအနေဖြင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုး ဓားမြ လူသတ်တရားခံတွေကို နှိမ်းနင်းရမည့်အစား စစ်ကောင်စီဆန့်ကျင်သူတွေကိုသာ ဖမ်ဆီးနှိမ်နင်းမှု ပြုလုပ်နတာကြောင့် ဒုစရိုက်သမားများ ပိုမိုများပြားလာသည်ဟုလည်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

    မွန်ပြည်နယ်အတွင်း၌ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု၊ လုယက်မှုများ သိသိသာသာများပြားလာကြောင်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသတွေမှာလည်း ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts