Thursday, March 12, 2026
More
    spot_img
    Homeသတင်းလျှပ်စစ်မီး ပြတ်တောက်ချိန်ပိုများလာလို အသေးစား အလတ်စားလုပ်ငန်းများ ခက်ခဲလာ

    လျှပ်စစ်မီး ပြတ်တောက်ချိန်ပိုများလာလို အသေးစား အလတ်စားလုပ်ငန်းများ ခက်ခဲလာ

    -

    မွန်ပြည်နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်သည့်အချိန် ပိုများလာသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလည်ပတ်နေရသည့် အသေးစား အလတ်စား SME လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်ပွားလာကာ နယ်ဘက်မှာဆိုလျှင် ကိုယ်ပိုင်မီးစက်ဖြင့် လုပ်ငန်းလက်လည်ပတ်နေရပြီး တချို့ လုပ်ငန်းရပ်နားထားရသည်အထိ ရှိလာသည်။

    “မီးက သူတို့ ပြောထားတဲ့အချိန်မှာ တခါတလေမှ တိကျတာ ပြီးတော့ အချိန်မပြည့်ဘူး။ ပြန်ဖြတ်တယ်။ တစ်ရက် ၂/၃ နာရီလောက်ပဲလာမယ်ဆိုတော့ ဘာမှ လုပ်လို့မရပြန်ဘူး။ မီးဆွဲအားမကောင်းတဲ့အခါ အမတို့ ကိတ်မုန့် လုပ်တာက တခါတလေ လုပ်နေရင်း မီးပျက်သွားတယ်။ ပြန်မလာတော့ မုန့်က ပျက်စီးသွားတာပေါ့ အခုတော့ မီးပုံမှန်မလာတော့တဲ့အခြေအနေဆိုတော့ ခဏနားထားရတယ်” ဟု မုဒုံမြို့နယ်အတွင်းမှ တနိုင်တပိုင်မွေးနေ့ကိတ်လုပ်နေသူတစ်ဦးက ပြောသည်။

    လက်ရှိတွင် လျှပ်စစ်မီးဖြင့် အလုပ်လုပ်နေကြရသည့် ဖုန်းဆိုင်၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်၊ အလှပြင်ဆိုင်၊ မိတ္တူကူးဆိုင်၊ စားသောက်ဆိုင်၊ ကိတ်မုန့်လုပ်ငန်း၊ ဝရိန်ဆော်ခြင်း အစရှိသည့်လုပ်ငန်းများ လျှပ်စစ်မီးပုံမှန်မရလို့ လုပ်ငန်း မလည်ပတ်နိုင်တော့သည့်အခြေအနေရှိနေသည်။

    မုဒုံမြို့မှ သံထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း “မီးမမှန်တော့ မီးစက်နှိုးပြီး လုပ်ရတာ မကိုက်ပေမဲ့ ကိုယ့်အလုပ်ဆိုတော့လေ။ အစစအရာရာ စျေးတက်နေတော့ စက်သုံးဆီလည်းစျေးတက်။ သံတွေလည်းစျေးတက် ပစ္စည်းလာမှာသူတွေလည်း လိုအပ်မှ လာလုပ်ကြတော့ အရင်ကထက် ရောင်းအားက သိသိသာသာ လျော့နည်းလာတယ်”ဟု ဆိုသည်။

    ယခင်က လျှပ်စစ်မီးဖြန့်ဖြူးသည့်အချိန်ကို အချိန်ဇယားဖြင့် ကြေညာပြီး ဖြန့်ဖြူးနေခဲ့သော်လည်း ယခုအခါ အချိန်ဇယားဖြင့် မဟုတ်ပဲ ပြတ်တောက်ချင်သည့်အချိန်ပြတ်တောက်ပြီး၊ ပြန်ပေးချင်သည့်အချိန် ပေးနေသည့်အတွက် ပိုပြီး ခက်ခဲစေသည်ဟုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။

    လျှပ်စစ်မီးသည် မြို့ပေါ်ထက် နယ်ဘက်တွင် ပိုမိုပြတ်တောက်ခံနေရကြောင်း နယ်ဘက်တွင် တစ်ရက် ၂ နာရီ၊ ၃ နာရီခန့်သာ လျှပ်စစ်မီးရနေသည်ဟု နယ်ခံတို့၏ပြောပြချက်အရ သိရသည်။

    ၎င်းပြင် မီးလာချိန် ပုံမှန်မရှိတာ၊ အချိန်တိုအတွင်း မကြာခဏ မီးဖြတ်တောက်တာ၊ အချိန်အကြာကြီး မီးဖြတ်တာတွေလည်း ရှိနေသည်။

    “မီးမမှန်ဘူး လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရသူတွေဆို ကြိုတင်ပြင်ဆင်ထားရတယ်။ မီးလာတဲ့အချိန်မှာ သူဆွဲ ကိုယ်ဆွဲနဲ့ မီးဆွဲအားကလည်းကျတော့ ဘာမှ လုပ်လို့မရ။ ရေတင်လို့လဲမရ။ ညဆို ၈ နာရီခွဲကနေ ၁၂ ခွဲလောက်ပျက်တယ်။ ည ၁၂ လောက်လာရင် မနက် ၄ ခွဲလောက်ပျက်တယ်။ စောင့်နေရတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ဆက်ပြောသည်။

    စစ်ကောင်စီက လျှပ်စစ်ဓာတ်အားပေးမှု ဝန်အားလျှော့ချလာတာကြောင့် ပြည်သူအများစု အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသလို အသေးစား၊ အလတ်စား SME လုပ်ငန်းများလည်း ဆက်လက်ရပ်ရန် အခက်ကြုံနေရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks