Homeသတင်းပေါင်တွင် အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခံရသည့် ဒေသခံ ၁၀ ဦးအထိ ရှိလာ

ပေါင်တွင် အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခံရသည့် ဒေသခံ ၁၀ ဦးအထိ ရှိလာ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံများအနက် ၁၀ ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဥတ္တံတားရွာသားများဖြစ်သည့် ချစ်သူပိုင်၊ မင်းထွန်းမြင့်ကျော်၊ စောရာဇာမင်း၊ အောင်မင်းထွေး တို့ကို အောက်တိုဘာလ ၂ ရက်တွင်လည်းကောင်း၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်း၊ ဒေါ်စန္ဒာလင်းတို့ကို စက်တင်ဘာလ ၂၈ ရက်တွင်လည်းကောင်း၊ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီ တာကျော်နှင့် ဦးဖိုးချိုတို့ကို စက်တင်ဘာလ ၂၀ ရက်တွင်လည်းကောင်း စုစုပေါင်း ၁၀ ဦးတို့ကို ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀ (ည) နှင့် ၅၁ (ဂ) တို့ဖြင့် စစ်ကောင်စီက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပေါင်မြို့နယ်၊ နယ်ထိန်းရဲတပ်သား ကိုကိုလွင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း ဦးကျားကြီးတို့ ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဥတ္တံတားကျေးရွာနှင့် ရင်းငြိမ်တောင်ကျေးရွာက ဒေသခံပြည်သူ ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဖမ်းဆီးခံရတဲ့လူတွေက သူတို့ ဖုန်းထဲမှာ စစ်ဆေးတဲ့အခါ PDF နဲ့ အဆက်သွယ် ပြုလုပ်နေ တာတွေ ထောက်ပံ့နေတာတွေ ပေါ်သွားတယ်” ဟု စစ်ကောင်စီရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပေါင်မြို့မရဲစခန်း နယ်ထိန်းရဲတပ်သားကိုကိုလွင် ပစ်သတ်ခံသည့်နောက်ပိုင်း ဖမ်းဆီးခြင်းခံထားရသည့် ဥတ္တံတားကျေးရွာမှ ချမ်းလွင်ဦး၊ အောင်ကိုမင်း၊ သိန်းဇော်ဝင်းနှင့် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာမှ အဲခု၊ ကျော်ထွေး (၅) ဦးတို့ကိုတော့ အောက်တိုဘာလ (၂) ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

သို့သော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း ဦးကျားကြီး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ် သက်ပြီး ရင်းငြိမ်တောင်းရွာသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ယနေ့အချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ၊ အုပ်ချုပ်ရေး မှူးများနှင့် နိုင်ငံရေးပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်များရှိပြီး အသက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

Photo credit – Paung daily

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts