Homeသတင်းစားဝတ်နေရေးအခက်ခဲကြောင့်လည်း ခိုးစိုးလုယက်မှု ပိုများလာ

စားဝတ်နေရေးအခက်ခဲကြောင့်လည်း ခိုးစိုးလုယက်မှု ပိုများလာ

-

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားလာပြီး စီးပွားရေး ဆုတ်ယုတ်လာခြင်းကြောင့် စားဝတ်နေရေးခက်ခဲလာကာ နောက်ဆက်တွဲအနေဖြင့် ခိုးစိုးလုယက်မှုများ များပြားလာခဲ့သည်။

ထို့အတူ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အဆမတန်မြင့်တက်လာသည့် ကုန်စျေးနှုန်းများ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာသည်နှင့် ခိုးစိုးလုယက်မှု ဖြစ်စဥ◌်မျာလည်း ပိုများပြားလာခဲ့သည်။

အလုပ်အကိုင်ရှားပါးခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းက လုယက်မှုကို ပိုမိုဖြစ်စေခဲ့ပြီး ပြည်သူများအနေဖြင့်လည်း တရားဥပဒေကို အားကိုးမရ ဖြစ်နေသည့်အခြေအနေရှိနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

မော်လမြိုင်ခံက “တစ်အချက်က အလုပ်ကိုင်ရှားပါးကြောင့်ပါ။ အလုပ်မရှိတော့ သူတို့ ဝင်ငွေရလမ်းကြောင်းက မရှိတော့ဘူး။ နှစ်အချက်က ရာဇဝတ်မှုပိုင်းနဲ့ပတ်သက်ပြီး မူးယစ်ဆေး သုံးစွဲဖို့ ပိုက်ဆံရဖို့အတွက် ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်ရဲလာတယ်။ သုံးအချက်ကတော့ တရားဥပဒေ စိုးမိုးရေးက ပြည်သူတွေ အားကိုးလို့မရတော့ဘူး။ တကယ်လို့ တစ်ခုခုပျောက်သွားရင် ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။ တရားဥပဒေက ဘာမှ မလုပ်ပေးတော့ဘူး” ဟု ဆိုသည်။

ခိုးမှု လုယက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားကြသော်လည်း အရေးယူဆောင်ရွက်ပေးမှုမရှိဘူးလို့ ကိုယ်ထိ ကိုယ်ခံနေရသည့်အခြေအနေဖြစ်နေသည်ဟုလည်း ဆိုသည်။

ခိုးမှု၊ လုယက်မှုလုပ်ရပ်များသည် လူမြင်ကွင်းရှေ့တွေအထိ လုပ်ဆောင်လာကြသည်ဟု အခြားမော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“တော်သလင်းလပြည့် မတိုင်ခင်ကပေါ့။ ကျောင်းသားတစ်ယောက်က ရာမညပန်းခြံမှာ ဆိုင်ကယ်ပျောက်သွားတယ်။ အဲ့နေရာက လူရာချီတောင်ရှိတာ။ လူအဝင်အထွက်လည်းမပျက်ဘူး။ ပြီးတော့ CCTV တွေပါ တပ်ထားတယ်။ အဲ့တာတောင် သူတို့ ခိုးလို့ရတယ်။ ဘယ်လောက်ထိ အတင်းရဲ့လာလည်းဆိုတာ” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် အိမ်ဖောက်ထွင်းပြီးခိုးမှုကနည်းသော်လည်း အမျိုးသမီးများလမ်းသွားလမ်းလာရင်း ဖုန်းလုခံရခြင်း၊ ပိုက်ဆံအိတ်လုခံရခြင်း၊ ဆိုင်ကယ်ပျောက်ခြင်း ဖြစ်စဉ်များမှာ ခပ်စိပ်စိပ် ဖြစ်ပွားလေ့ရှိသဖြင့် အမျိုုးသမီးများအနေနှင့်လည်း တစ်ယောက်တည်း ခရီးသွားရပါက စိတ်လုံခြုံမှုမရှိကြောင်း သိရသည်။

သူခိုးတွေ လုယက်သူတွေက အုပ်စုလိုက် လှုပ်ရှားလာပြီး ညပိုင်းတွင်သာမက နေ့ခင်းအချိန်တွေမှာပါ ခိုးတာ လုယက်တာတွေ လုပ်ဆောင်လာကြောင်း အထူးသဖြင့် အမျိုးသမီးများကို ပစ်မှတ်ထားလုပ်ဆောင်လာကြောင်းလည်း သိရသည်။

ယခုနောက်ပိုင်းတွင် ခိုးမှု လုယက်မှုများ ပိုမိုများပြားလာသည့်အပြင် သေနတ်ကိုင်ဆောင်ပြီး လုယက်တာတွေလည်း မကြာခဏဖြစ်ပွားလာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts