spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန် အိမ်ခြံမြေစျေး အတက်ဘက်မှာသာရှိပြီး အရောင်းအဝယ်အေးနေ

    မွန် အိမ်ခြံမြေစျေး အတက်ဘက်မှာသာရှိပြီး အရောင်းအဝယ်အေးနေ

    -

    မွန်ပြည်နယ်အတွင်းက အိမ်ခြံမြေ စျေးနှုန်းသည် အတက်ဘက်မှာသာရှိနေပြီး အရောင်းအဝယ်အေးနေ သည်ဟု ပြည်နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

    ရွှေနှင့် ဒေါ်လာစျေးမြင့်တက်စဥ◌်က အိမ်ခြံမြေစျေး မြင့်တက်ခဲ့သလို အရောင်းအဝယ်လည်းကောင်းခဲ့သော်လည်း ယခု ရွှေနှင့် ဒေါ်လာစျေး ပြန်ကျချိန်တွင် အိမ်ခြံမြေစျေး ကျသွားခြင်းမရှိပဲ အရောင်းအဝယ်ကသာ အေးနေသည်ဟု မော်လမြိုင်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

    “၉ လပိုင်းမှာဆိုရင် ရွှေစျေးနှုန်းတွေကျသွားတဲ့အတွက်ကြောင့် မြေအရောင်းအဝယ်လုပ်တာက နည်းလာတယ်။ အဓိကကတော့ ရွှေစျေးနှုန်းကြောင့်ပဲပေါ့။ ဒါပေမဲ့ အရောင်းအဝယ်ကျသော်လည်း စျေးနှုန်းတွေကတော့ မကျဘူး။ အရင် ၈ လပိုင်းနှင့်နှိုင်းယှဉ်မယ်ဆိုရင် အရောင်းအဝယ်က ၅၀ ရာခိုင်နှုန်းလောက်တော့ ကျသွားတယ်။ ၈ လပိုင်းတုန်းက အရောင်းကောင်းသလောက် ၉ လပိုင်းမှာတော့ တစ်ဝက်လောက်ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

    ပြီးခဲ့သည် ဩဂုတ်လလယ်ခန့်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သား သိန်း ၄၀ နီးပါးထိမြင့်တက်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ၃၅ သိန်းအောက် ပြန်ကျသွားခဲ့သည်။

    အလားတူ အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ကျပ် ၃၈၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင် ပြန်ကျလာခဲ့သည်။

    ရွှေနှင့် ဒေါ်လာစျေးပြန်ကျသွားသော်လည်း အိမ်ခြံမြေစျေးသည် ကျသွားခြင်းမရှိသလို လာမည့် ပွင့်လင်းရာသီတွင် လက်ရှိထက် စျေးထပ်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းထားကြသည်။

    အခြားအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း “မြေကွက်ရဲ့ သဘောသဘာဝက နေရာကောင်းရင် စျေးကတော့ တစ်ဖြည်းဖြည်းနဲ့ တက်နေတာပဲ။ စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာ၊ ပြီးတော့ နေလို့ ကောင်းတဲ့နေရာတွေဆိုရင် စျေးကတော့ တက်နေတာပဲ။ အနှေးနဲ့ အမြန်ပဲ ကွာတယ်” ဟု ဆိုသည်။

    လက်ရှိတွင် အိမ်ခြံမြေဈေးနှုန်းသည် တည်နေရာပေါ်မူတည်ပြီး ပေ ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၁၀၀၀ ဝန်းကျင် ပေါက်‌ဈေးရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks