spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားဒေသများတွင် နယ်မြေစိုးမိုးမှု ရရှိရန် ဆောင်ရွက်ရမည်ဟုဆို

    တိုင်းရင်းသားဒေသများတွင် နယ်မြေစိုးမိုးမှု ရရှိရန် ဆောင်ရွက်ရမည်ဟုဆို

    -

    တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ မိမိတို့၏ နယ်မြေများတွင် စိုးမိုးမှု ရရှိရန် ဆောင်ရွက်ပြီး ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို ဆောင်ရွက်ရမည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းက ပြောသည်။

    ထိုသို့ ကြားကာလ အုပ်ချုပ်ရေးများ ကျင့်သုံးပြီး ဖက်ဒရယ်ပြည်နယ်များ ဖွဲ့စည်းနိုင်မည်ဆိုပါက လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်သည် မိမိတို့ တည်ရှိတဲ့ မိမိတို့ရဲ့ ပြည်နယ်၊ မိမိတို့ရဲ့ ဒေသမှာ မိမိတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး ပိုပြီးတော့ စိုးမိုးနိုင်ရေးနဲ့ မိမိတို့ စစ်ရေးနိုင်ငံရေးမှာ လူထုတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးမှ ဖြည့်စည်းနိုင်တဲ့ လူထုကို ပိုပြီးတော့ ဦးဆောင်နိုင်တဲ့ မိမိတို့ရဲ့ ဒေသတွေ မိမိတို့ရဲ့ ပြည်နယ်တွေကို ကျနော်တို့က ထူထောင်ကြရမှာ ဖြစ်တယ်၊ ကျနော်ဆိုလိုချင်တာကတော့ ကျနော်တို့ ပိုပြီးတော့မှ နယ်မြေစိုးမိုးရေးတွေ ရရှိလာအောင် တနည်းအားဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးတွေကတော့ မိမိတို့ရဲ့ ပြည်နယ်၊ မိမိတို့ရဲ့ ဒေသအလိုက်ပေါ့လေ၊ မိမိတို့ ပိုပြီးတော့ နယ်မြေစိုးမိုးမှုရရှိလာအောင်နဲ့စိုးမိုးရေးရရှိလာသည်နှင့် တပြိုက်နက် မိမိတို့ရဲ့ ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို အစားထိုးပြီးတော့ ကျင့်သုံးနိုင်ဖို့အတွက် ဖြစ်တယ်၊ ဒီလိုနဲ့ပဲ တည်ဆောက်သွားရမှာ ဖြစ်တယ်၊ ဖက်ဒရယ် ပြည်နယ်အသီးသီးဖွဲ့စည်းနိုင်ပြီဆိုရင်တော့ ကျနော်ယုံကြည်ပါတယ်၊ ဒီလက်နက်ကိုင်ပဋိပက္ခဟာ ဒါလုံးဝ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်၊ ကျနော်အဲဒီလိုပဲ နားလည်ပါတယ်” ဟု ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသများတွင်သာမက ယခင်က လက်နက်ကိုင်ပဋိပက္ခများမရှိခဲ့သည့် ပြည်မဒေသများတွင်ပါ တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အရပ်သားသေဆုံးမှု၊ နေအိမ်မီးလောက်ပျက်စီးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။

    ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းက ပြောသည်။

    “အခုလက်ရှိ ပစ်နေခတ်နေကြတဲ့လူတွေကို ကျနော်အမြဲတမ်း မေတ္တာရပ်ခံပါတယ်။ ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ပေါ့၊ ဒီလို ပစ်ကြခတ်ကြနေတယ်ဆိုလို့ရှိရင် ကိုယ့်ပြည်သူလူထုပဲ ဒုက္ခရောက်မှာပေါ့၊ ကျနော်တို့ တိုင်းရင်းသားညီနောင်အချင်းချင်း ဒီလိုသတ်ဖြတ်နေကြလို့ကတော့ ဒီနိုင်ငံကြီးက ဘယ်တော့မှ ငြိမ်းအေးသွားမှာ မဟုတ်ဘူး။ ဒီတော့ စကားပြောကြဖို့လိုတာပေါ့၊ တွေ့ဆုံပြီးတော့ ဆွေးနွေးကြဖို့ လိုတာပေါ့၊ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ပဲ ကျနော်တို့တော့ တိုက်တွန်းချင်တာပေါ့နော်” ဟု ပြောသည်။

    သို့သော်လည်း လက်ရှိ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းထက် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လမ်းကြောင်းကို ပိုမိုဦးတည်နေကြကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    လက်ရှိ မြန်မာပြည်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံ‌ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks