တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိတပ်ရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့ကာ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန်ခန့်မှ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်စစ်သင်္ဘောဘက်မှ အမြှောက်ပစ်ကူပေးခဲ့သည်လည်း ရှိသည်ဟု ဆိုသည်။
“ပိတပ်ဘုန်းကြီးကျောင်းနားမှာ လယ်ကဇင်းကြီး(တဘောင်)ဆိုတာရှိတယ်။ ပင်လယ်ရေဝင်မှာစိုးလို့တားထားတာ။ အဲဒီဘက်ကနေ စစ်တပ်တွေတက်လာတာ။ အိမ်တွေရဲ့ နောက်ဖေးဘက်ကနေ တပ်ဖြန့်ပြီး တခါတည်းထွက်လာကြတာ။ ပျူတွေလည်းပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားချိန်တွင် အသက် ၂၀ ဝန်းကျင်အရွယ် ပိတပ်ရွာသား ကိုရုပ်ဆိုးကို ပစ်သတ်ခဲ့ပြီး အိမ်ရှိ လက်ဝတ်ရတနာများကိုလည်း ယူသွားသည်ဟု ဆိုသည်။
၎င်းပြင် ဒေသခံအချို့ကိုလည်း စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ်တို့သည် ပိတပ်ရွာမှ မထွက်ခွာခင် အရပ်သားနေအိမ်များကို ရိုက်ဖြို ဖျက်ဆီးတာ၊ ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်ခဲ့ပြီး အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်၊ အစားအသောက်များနှင့် တန်ဖိုးရှိပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပိတပ်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းတို့က ထုတ်ပြန်ချက်ထားချက်အပေါ် လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုထဲရှိ ကျေးရွာများနှင့် ပလမြို့၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကား စသည့် ပင်လယ်နှင့် နီးစပ်သည့်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးရှိပစ္စည်းများကို သေချာထုပ်ပိုးထားရန်နှင့် စစ်ရေးသတိအမြဲရှိရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။
