မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ် ၂ ခုကို စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မော်လမြိုင်မီးရထားဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
ရန်ကုန်-မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲနေသည့် အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန်နှင့် အမှတ် (၈၉) အဆန်/ အမှတ် (၉၀) အစုန် ရထားခရီးစဥ်များအနက် အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန် ခရီးစဥ်ကို ယာယီရပ်နားသွားမည်ဖြစ်သည်။
လက်ရှိ မိုးတွင်းကာလဖြစ်ပြီး ခရီးသည်စီးနင်းမှု လျော့နည်းလာသည့်အတွက် ရထားခရီးစဥ်များကို ယာယီရပ်နားခြင်းဖြစ်သည်ဟု မော်လမြိုင်မီးရထားဌာနက ထုတ်ပြန်ထားသည်။
ယင်းပြင် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲနေသည့် (RBE) တွဲဆိုင်းလည်း ယာယီရပ်နားသွားမည်ဟု ထုတ်ပြန်ထားသည်။
ယာယီရပ်နားသည့် မီးရထားခရီးမျာကို မည်သည့်နေ့၊ မည်သည့်အချိန်တွင် ပြန်လည်ပြေးဆွဲသွားမည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပေ။
လက်ရှိတွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ကို အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန် ရထား ၂ စင်းသာ ပြေးဆွဲသွားဖြစ်ကြောင်း၊ ၎င်းရထားအား လေအိတ်ရထားတွဲဆိုင်းဖြင့်တစ်ရက်၊ ရိုးရိုးရထား (AAR) တွဲဆိုင်းဖြင့် တစ်ရက် တွဲဆိုင်းပြောင်း ပြေးဆွဲသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ရထားခရီးစဥ်များသည် မော်လမြိုင်ဘူတာမှ နေ့စဥ် နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး လမ်းခရီးတွင် မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး စုစုပေါင်း (၁၆) ဘူတာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။