spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းနိုင်ငံခြားငွေနှင့် ရွှေစျေးကျလာသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းပြန်မကျ

    နိုင်ငံခြားငွေနှင့် ရွှေစျေးကျလာသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းပြန်မကျ

    -

    ပြည်တွင်း၌ ဒေါ်လာ၊ ထိုင်းဘတ်နှင့် ရွှေစျေးကျဆင်းလာသော်လည်း အဆမတန်မြင့်တက်ခဲ့သည့် အခြေခံစားသောက်ကုန်စျေးနှုန်းများ စျေးပြန်ကျလာခြင်းမရှိသေးကြောင်း စားသောက်ကုန်ရောင်းချသူတို့နှင့် စားသုံးသူတို့ထံမှ သိရသည်။  

    ထိုင်းဘတ်ငွေစျေး ကျဆင်းလာသော်လည်း ကုန်ပစ္စည်းများကို အတက်စျေးဖြင့် ဝယ်ယူထားရသည့်အတွက် ချက်ချင်းစျေးလျှော့ရောင်းရန် မဖြစ်နိုင်သေးသည့်အနေအထားရှိနေသည်ဟု မော်လမြိုင်မြို့က ထိုင်းစားသောက်ကုန်ပစ္စည်း လက်လီ၊ လက်ကားရောင်းချနေသူတစ်ဦးက ပြောသည်။

    “လက်ရှိတော့ စျေးကတော့ ကျနေပါတယ်။ ဒါပေမယ့် သိပ်‌တော့မများဘူး‌ပေါ့။ စောင့်ကြည့်နေရတုန်းပါပဲ။ အရင်စျေးတက်တုန်းက ဝယ်ယူထားတာလည်းရှိတော့ စျေးလျော့ရောင်းဖို့ကလည်း မဖြစ်နိုင်သေးဘူး။ နိုင်ငံခြားငွေစျေးကျတော့ ကုန်စျေးနှုန်းကျဖို့ရှိပေမဲ့ ချက်ချင်းတော့ မဖြစ်နိုင်သေးဘူး‌ပေါ့” ဟု ၎င်းက ဆိုသည်။

    စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမှုကြောင့် ပြည်တွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၈၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခု စက်တင်ဘာလအတွင်းမှာတော့ အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၄၀၀ နှင့် ၃၂၀၀ ကြား ဈေးပြန်ကျဆင်းလာခဲ့သည်။

    ထိုင်းဘတ်ငွေစျေးလည်း ဩဂုတ်လအတွင်းက မြန်မာငွေ ကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၉၅၀ ပေါက်စျေးရှိခဲ့ရာမှ စက်တင်ဘာလအတွင်းမှာ မြန်မာငွေ ကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၁၀၀ ကျော် ပြန်ဖြစ်လာသည်ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

    ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ယိုးဒယားကလာတဲ့ ပုဇွန်နှစ်ကောင် စားသုံးဆီတော့ စျေးကျတယ်။ ၁၀၀၀ လောက်တော့ စျေးကျသွားတယ်။ ကျန်တာကတော့ သိပ်မကျသေးဘူး ကျဖို့တော့ရှိတယ်” ဟု ပြောသည်။

    ထိုင်းဘတ်ငွေစျေး ဆက်လက်ကျဆင်းနိုင်သည့်အနေအထားရှိနေသည်ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတို့က ခန့်မှန်းနေကြသည်။  

    “စျေးနှုန်းက မငြိမ်တော့ ဘတ်ထည့်သမားတွေက သိပ်မထည့်ကြတော့ဘူး။ မနေ့တုန်း (စက်တင်ဘာ ၁၀ ရက်) က မနက်ပိုင်းမှာတော့ ၁၁၆၀ ဖြစ်သွားတယ်။ ညနေပိုင်းမှာတော့ ထိုင်းဘတ်က ၁၁၀၀ ပြန်ဖြစ်သွားတယ်။ ဆက်ကျဖို့က ရှိတယ်” မွန်ပြည်နယ်အတွင်းရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    ပြည်တွင်းရွှေစျေးကွက်တွင်လည်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်းကျော်အထိ အမြင့်ဆုံးစျေးတက်ခဲ့ရာမှ လက်ရှိတွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၄ သိန်းဝန်းကျင် ပြန်ကျလာခဲ့သည်။  

    စစ်ကောင်စီ ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စျေးကွက်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားများအပြင် အခြားစားသောက်ကုန်ပစ္စည်းများ အသုံးအဆောင်ပစ္စည်းများ အဆမတန်စျေးတက်လာသည့်အတွက်ကြောင့် ပြည်သူများ စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်။

    စစ်ကောင်စီဘက်ကတော့ ကုန်စျေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီတစ်ရပ်ကို ဇူလိုင်လနောက်ဆုံးအပတ်က ဖွဲ့စည်းခဲ့ပြီး ကုန်စျေးနှုန်းကျဆင်းရေး ဆောင်ရွက်နေသော်လည်း ကုန်စျေးနှုန်းကျဆင်းသွားခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks