spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီပင်လယ်ပြင်တွင် တစ်ရက်အတွင်း လှေဦးစီးနှစ်ဦး အသတ်ခံရ

    ကျိုက္ခမီပင်လယ်ပြင်တွင် တစ်ရက်အတွင်း လှေဦးစီးနှစ်ဦး အသတ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီပင်လယ်ပြင်တွင် တစ်ရက်အတွင်း ငါးဖမ်းစက်လှေနှစ်စီးပေါ်က လှေဦးစီး (ပဲ့နင်း) နှစ်ဦး အသတ်ခံရကြောင်း ကျိုက္ခမီမြို့ခံများထံမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ကျိုက္ခမီကမ်းခြေမှ ရေမိုင် ၈၀ ခန့်တွင် ငါးဖမ်းနေသည့် ငါးဖမ်းစက်လှေတစ်စီးပေါ်က ပဲ့နင်း ဦးလှမျိုးဆိုသူသည် ပဲ့နင်းအခန်းအတွင်း အိပ်ပျော်နေစဉ် လှေသားများဖြစ်ကြသည့် ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး၊ ကရင် (ခ) ခင်ဇော်မျိုး၊ စန်းငွေ (ခ) ကုလားတို့ (၃) ဦးက ငါးခွဲဓါးဖြင့် ထိုးသတ်ခဲ့သည်။

    ပဲ့နင်း ဦးလှမျိုးကို လုင်ငန်းခွင်တွင် ဆဲဆိုစေခိုင်းခံရမှုအပေါ် မကျေနပ်လို့ လှေလုပ်သားတို့က ယခုလို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လှေပေါ်ကျန် အခြားလှေလုပ်သားတို့၏ ပြောပြချက်အရ သိရသည်။

    “ကိုလှမျိုးကတော့ ဓါးဒဏ်ရနဲ့ သေဆုံးသွားတယ်။ အဲ့ဒီနောက်မှာ ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး က လက်ထောက်ပဲ့နင်းနဲ့ စက်ဆရာတွေကို ခြိမ်းခြောက်ပြီး ကမ်းကပ်ခိုင်းတယ်။ လှေက ရေးမြို့နယ် ကဗျာဝကမ်းခြေအနီးရောက်တော့ ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး နဲ့ (၂) ဦးက ကမ်းခြေအနီးမှာ တွေ့ရတဲ့ ကျားလှေတစ်စီးပေါ် ဆင်းပြေးသွားကြတယ်။ ငါးဖမ်းလှေကတော့ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်က ကျားဆိပ် ဆိပ်ကမ်းကို မနေ့ (စက်တင်ဘာ ၆ ရက်) က ပြန်ရောက်လာတယ်” ဟု ကျိုက္ခမီမြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး အသတ်ခံခဲ့ရသည့် ပဲ့နင်း ဦးလှမျိုး၏ မိသားစုဝင်များက သက်ဆိုင်ရာ ကျိုက္ခမီနယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းကာ အမှုဖွင့်ထားသည်ဟု ဆိုသည်။

    အလားတူ စက်တင်ဘာလ ၅ ရက်နေ့တွင်ပင် ကျိုက္ခမီကမ်းခြေမှ ပင်လယ်ပြင်ရေမိုင် ၆၀ ခန့်တွင် ငါးဖမ်းနေသည့် သံလွင် (၅) ငါးဖမ်းစက်လှေပေါ်က ပဲ့နင်း ဦးကျော်စွာလင်းကိုလည်း လှေလုပ်သား ထက်ပိုင်၊ သန်းနိုင်နှင့် အေးနိုင်ဝင်းဆိုသူတို့က ငါးခွဲဓါးဖြင့် ထိုးပြီး တူဖြင့် ဦးခေါင်းအားထုသတ်ခဲ့သည်။

    ယင်းနောက် ဦးကျော်စွာလင်း၏ ရုပ်အလောင်းကို ကျောက်ဆူးတွင် ကြိုးဖြင့်တုပ်ချည်ပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်း ငါးဖမ်းစက်လှေပေါ်ကျန်ရှိနေသည့် အခြားလှေလုပ်သားတို့ထံမှ သိရသည်။

    ပဲ့နင်း ဦးကျော်စွာလင်းကို သတ်ဖြတ်ခဲ့သည့် လှေလုပ်သားတို့မှ စက်ဆရာအား ခြိမ်းခြောက်ပြီး ကမ်းကပ်ခိုင်းခဲ့ရာ ငါးဖမ်းစက်လှေသည် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာအနီး ကမ်းခြေအရောက်တွင် ထက်ပိုင်အပါအဝင် လှေသား ၅ ဦး လှေပေါ်မှ ဆင်းပြီး ထွက်ပြေးသွားကြောင်း၊ ငါးဖမ်းလှေသည် ကရုပ္ပရွာလှေဆိပ်တွင် ဆိုက်ကပ်ထားကြောင်းဆိုသည်။  

    ပဲ့နင်း ဦးကျော်စွာလင်းကို သတ်ဖြတ်ခဲ့သည့် လှေလုပ်သားထက်ပိုင်အပါအဝင် ၅ ဦးကိုလည်း သက်ဆိုင်ရာ ကျိုက္ခမီနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျိုက္ခမီပင်လယ်ပြင်အတွင်းက ငါးဖမ်းလှေဦးစီး (ပဲ့နင်း) တိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏ ဖြစ်ပွားကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်းကလည်း ပဲ့နင်း ၃ ဦး ဓါးထိုးခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကျိုက္ခမီမြို့ခံတို့ထံမှ သိရသည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks